၂-၀ နဲ့ ရှုံးနေတယ်၊ ပွဲပြီးဖို့က မိနစ် ၂၀ပဲ လိုတော့ပြီး အဲဒီအချိန်အတွင်းမှာကို ဘာစီလိုနာက ၄ဂိုး ပြန်သွင်းသွားခဲ့ပါတယ်။ အေတီကိုကွင်းမှာ အံ့အားသင့်ဖွယ်ရာ ပြန်လာနိုင်မှုဖြစ်ခဲ့ပြီး ဘာစီလိုနာရဲ့ ရုန်းကန်မှုနဲ့ အားထုတ်မှုက တကယ်အသိအမှတ်ပြုစရာပါ။ အရေးကြီးပွဲကို ဒီလိုမျိုး သူတို့လုပ်ပြနိုင်ခဲ့တာက ချီးကျူးစရာအပြည့်ပါပဲ။
ဖာရန်တောရက်စ်ကို လူစားဝင်စေတာက အလှည့်အပြောင်းပါပဲ။ သူက ၂ဂိုးသွင်းပေးခဲ့ပြီး ရလဒ်ကိုပါ ပြောင်းလဲစေခဲ့ပါတယ်။ ဘာစီလိုနာရဲ့ စိတ်ဓာတ်ပိုင်း အားကောင်းမှုကိုပါ ထပ်တွေ့ခဲ့ရပြီး ဟန်ဆီဖလစ်ရဲ့ အသင်းက အပြည့်စုံဆုံးမဟုတ်ရင်တောင် တော်တော်လေးပြည့်စုံနေပါပြီ။ ဘယ်အသင်းကိုမဆို သူတို့အနိုင်ယူစွမ်းရှိတယ်ဆိုတာကိုပါ ထပ်မြင်ခဲ့ရပါတယ်။
ဒါကြောင့်လည်း ဆီမြွန်နီက လာလီဂါမှာ အကောင်းဆုံးအသင်းက ဘာကာလို့ ထပ်တလဲလဲပြောနေခဲ့တာပါ။ ချန်ပီယံဆုအတွက် မျှော်လင့်နိုင်တဲ့ ဒီနှစ်သင်းရဲ့ ပွဲက ပရိသတ်တွေကို ပါးစပ်အဟောင်းသားဖြစ်စေခဲ့တယ်။ ဘာကာတို့ ဇယားထိပ်ကို ပြန်တက်နိုင်ခဲ့ပြီး လက်ကျန်တပွဲကစားဖို့ ရှိနေသေးတာမို့ အခွင့်အရေးကောင်းက သူတို့လက်ထဲမှာ ရှိနေဆဲပါ။ မက်ဒရစ်နှစ်သင်းအတွက် တကယ်မလွယ်တော့ပါဘူး။
