နှစ်တချို့တချို့ကြာတိုင်း ငါပြန်လာတယ်။
ငါ့အဘွားဟာ မီးဖိုထဲကမထွက်ဘူး၊
ငါမပြန်မချင်းပဲ။ ငါ့စွန့်စားခန်းတွေကို
တမေ့တမော နားထောင်တယ်။
လန်ဒန်ဆစ်ကလက်လေး တဖွာဖွာနဲ့
ငါ့မြေးက ဇာတ်လိုက်ပဲလို့
ငါ့ပုံပြင်တွေဆုံးတိုင်း
မှတ်ချက်ချရင်း ကျေနပ်နေပြန်ရော။
အသည်း နှလုံးမရှိတဲ့ ငါက ထပ်ထပ်ပြီး
သူ့ကို ပစ်ထားခဲ့ပြန်တာပါပဲ။
ဒီတစ်ခါ ငါ့မြေးပြန်လာရင်
အဘွားရှိချင်မှရှိတော့မှာပါလေ
လို့ ဆွေးမြေ့မြေ့ကြီးပြောပေမယ့်
အသည်းမာတဲ့ ငါက မျက်နှာကျက်က
မီးလုံး တွေကို ငေး ကြည့်ရင်း
မျက်ရည်ဝဲနေတာကို ကာကွယ်နေကျပေါ့။
▪️ပါပီယွန်▪️
" ငုံးအိမ်ကျူလ ( ဗန်းမော်ဗားရှင်း/မှ ) "
