ဆက်ဆံရေး ပြတ်တောက်သွားတဲ့အခါ ကျွန်ုပ်တို့ နာကျင်ခံစားရတယ်။ နားထောင်မယ့်သူမရှိ၊ နားလည်ပေးတဲ့သူမရှိတဲ့အခါ ကျွန်ုပ်တို့ဟာ ပေါက်ကွဲဖို့ အသင့်ဖြစ်နေတဲ့ ဗုံးတလုံးလိုပဲ။ ကရုဏာနဲ့ နားစိုက်ထောင်ခြင်းဟာ ခံစားနေရတာတွေကို သက်သာစေတယ်။ တခါတလေမှာ တယောက်ယောက်က ကျွန်ုပ်တို့ကို ဆယ်မိနစ်လောက် လေးလေးနက်နက် နားထောင်ပေးလိုက်တဲ့အခါ ကျွန်ုပ်တို့ရဲ့ နာကျင်မှုတွေဟာ ပြောင်းလဲသွားကြပြီး ကျွန်ုပ်တို့ ပြုံးလာနိုင်တယ်။
ကျွန်ုပ်တို့အများစုရဲ့ မိသားစုတွေမှာ နားထောင်နိုင်တဲ့အစွမ်း၊ ချိုချိုသာသာ ပြောနိုင်တဲ့အစွမ်းတွေ ပျောက်ဆုံးနေကြတယ်။ ဘယ်သူကမှ တခြားတယောက်ပြောတာကို နားမထောင်နိုင်ကြဘူး။ မိသားစုနဲ့ အတူတူ နေထိုင်ချိန်မှာတောင်မှပဲ ကျွန်ုပ်တို့ဟာ အထီးကျန်ခြင်းကို ခံစားနေကြရတယ်။ မိသားစုပြဿနာတွေ ဆွေးနွေးတိုင်ပင်ပေးတဲ့ ကျွမ်းကျင်သူ (therapist) တွေဆီ သွားတိုင်ပင်ကြတယ်။ သူတို့ကများ ပိုပြီး ကောင်းကောင်းနားထောင်ပေးနိုင်မလား ဆိုပြီးတော့လေ။ ဒါပေမဲ့ များသောအားဖြင့် therapist တွေမှာလဲ သူ့နာကျင်မှုနဲ့သူ ရှိနေတတ်ကြတော့ သူတို့နားထောင်ပေးချင်သလောက် နားထောင်မပေးနိုင်ဘူး ဖြစ်နေရပြန်တယ်။ ဒါကြောင့် ကျွန်ုပ်တို့က တယောက်ယောက်ကို တကယ်ချစ်မြတ်နိုးတယ်ဆိုရင် လေးလေးနက်နက် နားထောင်တတ်တဲ့သူတယောက်ဖြစ်အောင် လေ့ကျင့်ထားဖို့လိုတယ်။
စကားကို မေတ္တာနဲ့ ချိုချိုသာသာ ပြောတတ်အောင်လဲ လေ့ကျင့်ထားဖို့လိုတယ်။ ကျွန်ုပ်တို့ဟာ စကားကို အေးအေးချမ်းချမ်း ပြောတတ်တဲ့ အစွမ်းတွေလဲ ပျောက်ဆုံးနေတတ်ကြတယ်။ လွယ်လွယ်နဲ့ စိတ်တိုတတ်တယ်။ ပါးစပ်ဟလိုက်တိုင်း ကျွန်ုပ်တို့စကားတွေဟာ နားခါးစရာတွေ ဖြစ်နေတတ်တယ်။ ကြင်ကြင်နာနာနဲ့ စကားမဆိုတတ်တော့ဘူး။ ဒီအစွမ်းအစမရှိပဲ သဟဇာတဖြစ်မှု၊ မေတ္တာတရားနဲ့ ပျော်ရွှင်ခြင်းတို့ကို ပြန်တည်ဆောက်ဖို့ မဖြစ်နိုင်ဘူး။
သစ်နတ်ဟန်
(ကျော်စွာမြန်မာပြန်သည်)
