7 ပတ် - ဘာသာပြန်ပါ။

#တစ်ထိုင်တည်းစားခြင်း
________________
" ဓုတင်" ဆိုသည်ကား လောဘ ဒေါသ အတ္တမာနစသော ကိလေသာတရားဆိုးတို့ကို ဖယ်ရှားသော ကျင့်စဉ်ပင် ဖြစ်သည်။ အပြင်းစားကျင့်စဉ်ဟု ဆိုနိုင်ပါ၏။ ထိုဓုတင်ကျင့်စဉ်ထဲတွင် " ဧကာသနိက်ဓုတင်" လည်း တစ်ခု အပါအဝင် ဖြစ်၏။ " ဧကာသနိက်ဓုတင်" ဟူသည် တစ်ထိုင်တည်း စားခြင်း ဖြစ်သည်။
တချို့က ဓုတင်ဆိုသည်မှာ ရဟန်းတော်များနှင့်သာ ဆိုင်၏ဟု ထင်နေကြ၏။ မဟုတ်ပါ။ ဤဓုတင်ကတော့ ရဟန်းတော်များသာ မက လူပုဂ္ဂိုလ်များလည်း ကျင့်နိုင်သည့် ကျင့်စဉ်တစ်ခု ဖြစ်သည်။
ဧကာသနိက်ဓုတင် ကျင့်လိုသော ပုဂ္ဂိုလ်သည် " နေရာအများ၌ စားခြင်းကို ပယ်ပါ၏၊ တထိုင်တည်း၌သာ စားခြင်းအကျင့်ကို ဆောက်တည်ပါ၏" ဟု အဓိဋ္ဌာန်၍ ဆောက်တည်ရမည် ဖြစ်သည်။
ဤဓုတင်ကို ကျင့်သောပုဂ္ဂိုလ်သည် တစ်ရက်တွင် တစ်နေရာတည်းမှာပဲ စားလို့ ရ၏။ နေရာမှ မထသေးသမျှကာလပတ်လုံး စားလို့ ရ၏။ နေရာမှ ထလျှင်တော့ နောက်ထပ် စားလို့ မရတော့ပေ။ ထို့ကြောင့် ကျင့်ဖို့ မလွယ်လှ။ သို့သော် ကျင့်ချင်သည့် ဆန္ဒ ရှိလျှင်လည်း ကျင့်နိုင်ပါ၏။
အကျိုးကျေးဇူး
-------------------
လူတော်တော်များများက တစ်ရက်ကို နှစ်ကြိမ် စားကြ၏။ တချို့ကတော့ သုံးကြိမ်လောက် စားကြ၏။ ထို့ကြောင့် ကိုယ်အလေးချိန် များလာခြင်း ဖြစ်သည်။ တစ်ရက် တစ်ကြိမ်သာ စားပါက ကိုယ်အလေးချိန် တက်မလာတော့ပေ။ ကိုယ်အလေးချိန် တက်မလာသည့်အတွက် ခန္ဓာကိုယ် ပေါ့ပါးသွားတော့၏။
တစ်ရက်တစ်ကြိမ်သာ စားသည့်အတွက် "ရသတဏှာ" ကိုလည်း ပယ်ဖျောက်နိုင်၏။ "ရသတဏှာ" ဆိုသည်ကား မစားရမနေနိုင်သည့်စိတ်ပင် ဖြစ်သည်။ တချို့လူများဆိုလျှင့် မတည့်မှန်း သိလျက် စားကြ၏။ ဘာကြောင့်နည်း၊ ရသတဏှာကြောင့်တည်း။ ထို့ကြောင့် ရသတဏှာကို ပယ်ဖျောက်လိုလျှင် ဤဓုတင်ကို ကျင့်သင့်လှပေသည်။
ယနေ့ခေတ်လူများ ရောဂါဖြစ်ကြခြင်းမှာ အစားအသောက်ကြောင့်ပင် ဖြစ်၏။ ထို့ကြောင့် စားချင်တာ မစားဘဲ စားသင့်တာ စားရမည် ဖြစ်သည်။ စားချင်သလောက် မစားဘဲ စားသင့်သလောက် စားရမည် ဖြစ်၏။ ထို့ကြောင့် ရောဂါကင်းလိုလျှင်လည်း ဤဓုတင်ကို ကျင့်သင့်လှပါပေ၏။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊
အေးငြိမ်းချမ်းသာ ရှိပါစေ"
_______________________
#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ

image