#ယနေ့ထုတ်သတင်းစာ_သတင်း
◼ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုင်းတုံ-တာကော်ကြား လမ်းချော်နေသဖြင့် ရင်ကွဲတောင်၌ ကားရာချီရပ်တန့်ထားရ
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ရွာသွန်းသည့် အခါမဲ့မိုးကြောင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမှ တာကော်တံတားသွား ပြည်ထောင်စုလမ်းမကြီး၌ ရွှံ့ဗွက်များဖြစ်ပေါ်ကာ လမ်းချော်ခြင်းနှင့် ယာဉ်တိမ်းမှောက်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း ခရီးသွားများထံမှ သိရသည်။
ဖေဖော်ဝါရီ ၂၆ ရက်က ကျိုင်းတုံ-တာကော်ကြား ဆင်မောင်း၊ ရင်ကွဲတောင်၌ လမ်းချော်ကာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း၊ သို့သော် ယာဉ်တိမ်းမှောက်မှုကြောင့် လမ်းပိတ်ဆို့နေသဖြင့် အခြားမော်တော်ယာဉ်များမှာလည်း ရပ်ဆိုင်းထားရကြောင်းသိရသည်။
“မိုးရွာတော့ မြေသားတွေကရွှံစေးတွေဖြစ်ပြီး ကားတွေလမ်းချော်ကုန်တာ၊ အချို့ကားတွေဘီးကို ချိန်းပတ်မောင်းရတယ်။ ကျွမ်းကျင်ယာဉ်မောင်းဆိုရင်တောင် လမ်းအယူကျွမ်းဖို့လိုမယ်” ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။
လမ်းချော်သည့်နေရာများ၌ လမ်းရှင်းရန်စောင့်ဆိုင်းနေသည့် ကုန်ကားကြီးများ၊ ခရီးသည်တင် Express ယာဉ်ကြီးများမှာ ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းအထိ အစီးရေ ၂ဝဝ ခန့် ရှိနေသည်ဟု သိရသည်။
ပြီးခဲ့သည့် ၂ဝ၂၄ခုနှစ် အတွင်း ကလည်း အဆိုပါနေရာသည် လမ်းဆိုး၊ လမ်းပျက်ကာ လမ်းပိတ်ဆို့မှုများကြောင့်ခရီးသွားမော်တော်ယာဉ်များ လေး၊ငါးရက်ခန့် ကြန့်ကြာမှုများရှိခဲ့သည်။
၂ဝ၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မြို့နယ်များဖြစ်သည့် ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းလား၊ မိုင်းဆတ်၊ မိုင်းတုံ၊ နားကောင်းမူးဘက်များ၌ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - CJ
