ဘဝမှာလူတိုင်းက လွတ်လပ်မှုဆိုတာကိုလိုချင်ကြတယ်။ ဒါပေမယ့်ပြဿနာကဘာလဲဆို‌တော့ လွတ်လပ်မှုဆိုတာဘာလဲ? ကိုယ်လုပ်ချင်တာတွေကိုအတားအစီးမရှိ‌‌ပဲအေးအေးဆေးဆေးလုပ်လို့ရတာကိုပြောတာလား? ကိုယ့်အတွက်သံ‌ယောဇဉ်တွယ်စရာ၊ လှည့်ကြည့်စရာဘယ်သူမှမရှိတာမျိုးလား? ကိုယ့်အပေါ်မှာဘာဝန်ထုတ်ဝန်ပိုးမှမရှိတော့ပဲတစ်ယောက်တည်းပဲနေသွားချင်တဲ့ခံစားချက်လား? အားလုံးကလွတ်လပ်မှုဆိုတာကိုအဓိပ္ပါယ်အမျိုးမျိုးနဲ့ ခံယူထားတယ်၊ မှတ်ယူထားကြတယ်။
ကျွန်တော်ကိုယ်တိုင်လည်းလွတ်လွတ်လပ်လပ်နေကြည့်ချင်တယ်။ လူသားတွေနဲ့ ဝေးဝေးရာမှာ‌နေကြည့်မယ်။ စာအုပ်လေးတစ်အုပ်ကိုင်မယ်။ ကိုယ့်ရဲ့တစ်နေ့တာလေးမှာဖြစ်လာတဲ့ခံစားချက်တွေကိုချရေးမယ်။ အားတဲ့အချိန်မှာပေါ့ပေါ့ပါးပါးအတွေးလေးကိုတွေးမယ်။ စားဖို့သောက်ဖို့အတွက်ဆို သီးပင်စားပင်လေးတွေစိုက်မယ်။ ညနေနေဝင်ချိန်ကိုကော်ဖီလေး‌‌ဖြစ်ဖြစ်၊ ရေနွေးခွက်လေးဖြစ်ဖြစ်ကိုင်ရင်း ကျယ်ပြောလှတဲ့ကောင်းကင်ကြီးနဲ့ သဘာဝကြီးကိုကြည့်ပြီး ခေါင်းထဲမှာ Empty ဘာမှမရှိပဲနဲ့ ဒီတိုင်းလေးကြည့်နေချင်တယ်။ ဘယ်သူဘယ်ဝါကိုမှ လောဘ၊ ဒေါသ၊ အာဂတတွေ၊ မနာလိုမှုတွေမထားချင်ဘူး။
ဒါပေမယ့်ကျွန်တော်လည်းဝန်ခံရမယ့်အမှန်တရားတစ်ခုရှိတယ်။ အခုကျွန်တော်ခံယူထားတဲ့ လွတ်လပ်မှုဆိုတဲ့ပုံစံကအထီးကျန်လိမ့်မယ်ဗျ။ တစ်ယောက်တည်းဖြတ်သန်းမယ်ဆိုတာအပြောသာလွယ်တာ၊ ကိုယ့်စိတ်ကိုမနိုင်တဲ့အခါမျိုးမှာတစ်စုံတစ်ယောက်ကိုတမ်းတမိလိမ့်မယ်။ အထီးကျန်ခြင်းဆိုတဲ့ခံစားချက်ဝင်လာတဲ့အခါမျိုးမှာငါပျော်ပါတယ်ဆိုပြီးကိုယ့်ကိုယ်ကိုပြန်လိမ်နေရလိမ့်မယ်။ အရာရာတိုင်းကအဆိုးနဲ့အကောင်းတွဲနေတာကြီးပဲ။ ဘယ်ဟာရယ်မှအကောင်းကြီးပဲဖြစ်မနေသလို ဖြစ်လာမှာလည်းမဟုတ်ဘူး။
လူ့ဘဝရဲ့အနှစ်သာရကအဲ့တာပဲ။ လွတ်လပ်ချင်တယ်ဆိုပြီးထွက်ပြေးနေလို့မရဘူး။ အပူအပင်ကင်းချင်တယ်ဆိုပြီး ကိုယ့်မိသားစုကိုမေ့ပစ်ချင်လို့မရဘူး။ ကိုယ်ကိုယ်တိုင်ခံယူထားတဲ့လွတ်လပ်မှုဆိုတာကိုအရင်သိ‌အောင်လုပ်။ ဘယ်သူ့ကိုမှမမေးနဲ့။ ကျွန်တော့်ကိုလည်းမမေးနဲ့။ ခင်ဗျားခံယူချက်ကိုကျွန်တော်လည်းမသိဘူး။ တကယ့်လွတ်လပ်မှုအစစ်အမှန်ဆိုတာကိုဘယ်သူမှလမ်းမပြပေးနိုင်ဘူး။ ကိုယ့်ခံယူချက်နဲ့ပဲဆိုင်တယ်။ ကိုယ့်ဘဝကြီးကအာမခံချက်ရှိတာမဟုတ်ဘူး။ ဘာကိစ္စသူများတွေပြောတဲ့ လွတ်လပ်မှုလမ်းစဉ်ကြီးကိုလိုက်နေမှာလဲ။
#intothewild

image