အစ္စရေးနဲ့ ဟားမတ်စ်တို့ အပစ်ရပ်ပထမအဆင့် သက်တမ်းတိုးဖွယ်ရှိ

တဲလ်အဗစ်၊ ဖေဖော်ဝါရီ ၂၇

ဂါဇာစစ်ပွဲအဆုံးသတ်ရေးအတွက် အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား အပစ်အခတ်ရပ်စဲရေး ပထမအဆင့်ကို သက်တမ်းတိုးမှာဖြစ်ပြီး ဒုတိယအဆင့်ဆွေးနွေးပွဲတွေကို မကြာခင်စတင်မယ်လို့ အစ္စရေးအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။

စနေနေ့မှာ သက်တမ်းကုန်ဆုံးတော့မယ့် အပစ်အခတ်ရပ်စဲရေး ပထမအဆင့်မှာ အစ္စရေးက ထိန်းသိမ်းထားတဲ့ ပါလက်စတိုင်းအကျဉ်းသားတွေကို အဆင့်ဆင့်ပြန်လွှတ်ပေးရမှာဖြစ်ပြီး ဟားမတ်စ်တို့ကတော့ ၃၃ ယောက်ကို ပြန်လွှတ်ပေးရမှာဖြစ်ပါတယ်။

သဘောတူညီချက် သက်တမ်းတိုးရေးနဲ့ပတ်သက်ပြီး မနက်ဖြန်မှာ အစ္စရေးနဲ့ဟားမတ်စ်တို့က ထုတ်ပြန်သွားဖို့ ရှိနေပါတယ်။ နှစ်ဖက်အကြားမှာ ဒီကိစ္စကိုသက်တမ်းတိုးရေးအတွက် သဘောတူညီချက်တစ်ခု ရရှိထားတယ်လို့ အီဂျစ်တာဝန်ရှိသူတယောက်ကို ကိုးကားပြီး အစ္စရေးရုပ်သံဌာနတခုကလည်း ဖော်ပြထားပါတယ်။

လာမယ့် မတ်လ ၈ ရက် စနေနေ့မှာ ဟားမတ်စ်တို့က လွှတ်ပေးဖို့ သတ်မှတ်ထားတဲ့ ဓါးစာခံတွေ ပြန်လွှတ်မပေးရင်တော့ အပစ်အခတ်ရပ်စဲရေး အဆုံးသတ်ပြီလို့ အစ္စရေးတာဝန်ရှိသူကို ကိုးကားပြီး သတင်းဌာနတွေက ဖော်ပြထားပါတယ်။

နှစ်ဖက်အကြား ဒုတိယအဆင့် ဆွေးနွေးပွဲတွေအတွက် အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးသံတမန် စတိဝစ်အော့ဖ်ဟာ ပါဝင်ဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့်လည်း အစ္စရေးတပ်တွေ ဂါဇာကနေ အပြည့်အ၀ရုပ်သိမ်းဖို့ ဟားမတ်စ်တို့ရဲ့ တောင်းဆိုမှုနဲ့ ဟားမတ်စ်တွေ လက်နက်ဖြုတ်သိမ်းဖို့နဲ့ ခေါင်းဆောင်တွေကို နှင်ထုတ်ဖို့ အစ္စရေးရဲ့ တောင်းဆိုမှုတွေကြောင့် ဒုတိယအဆင့် ဆွေးနွေးပွဲတွေဟာ ခက်ခဲလာဖွယ်ရှိတယ်လို့ အကဲခတ်တွေက သုံးသပ်ထားပါတယ်။

အစ္စရေးကို ဟားမတ်စ်တို့ရဲ့ နယ်စပ်ဖြတ်ကျော်တိုက်ခို်ကမှုကြောင့် လူ ၁၂၀၀ သေဆုံးပြီး ၂၀၀ ကျော်ကို ဓါးစာခံအဖြစ် ဖမ်းခေါ်ခဲ့ပြီး အစ္စရေးရဲ့ တန်ပြန်တို်ကခို်ကမှုအတွင်း ဂါဇာမှာ လူသောင်ပေါင်းများစွာ သေဆုံးခဲ့ပါတယ်။

Ref:NHK
Photo:Getty Images

#centralnewsnaypyitaw

image