8 ပတ် - ဘာသာပြန်ပါ။

အိန္ဒိယက မြန်မာနှင့် တရားမဝင် ကုန်သွယ်မှုကို ရပ်တန့်ရန် စီစဉ်
Times of India ၊ ဖေဖော်ဝါရီ ၂၅
မြန်မာနယ်စပ်တစ်လျှောက် မီဇိုရမ်ပြည်နယ်၊ ဇိုခေါရ်ဒါနယ်စပ်ကုန်သွယ်ရေးမှာ တရားဝင်မဟုတ်တဲ့ ကုန်သွယ်မှုလုပ်ငန်းတွေကို အိန္ဒိယအစိုးရက ရပ်ဆိုင်းဖို့ စီစဉ်နေကြောင်း အာသံရိုင်ဖယ်တပ်မှ အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။
အချို့သော ကုန်သွယ်မှုတွေဟာ တရားဝင်လမ်းကြောင်းမှတစ်ဆင့် ဖြစ်နေပေမယ့် ဒေသတွင်း တရားမဝင် ကုန်သွယ်မှုတွေ သိသိသာသာ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ ၎င်းက ဆိုပါတယ်။
“အိန္ဒိယအစိုးရရဲ့ ဝင်ငွေကို ဆုံးရှုံးနေတဲ့ ဇိုခေါရ်ဒါနယ်စပ်ကုန်သွယ်ရေးစခန်းကနေတစ်ဆင့် အိန္ဒိယနဲ့ မြန်မာအကြား ကုန်သွယ်မှုလုပ်ငန်းတွေကို မကြာခင်မှာ ရပ်ဆိုင်းတော့မှာပါ”လို့ ၎င်းက ပြောပါတယ်။
အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်တွေအနေနဲ့ အိန္ဒိယကို ဝင်ရောက်လာတဲ့ မြန်မာဒုက္ခသည်တွေရဲ့ သယ်ဆောင်ပစ္စည်းတွေကို စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ထုတ်ပြောထားပါတယ်။
“ဒီနယ်စပ်ဂိတ်ကတဆင့် ကုန်သွယ်မှုအများစုဟာ အလွတ်သဘောဖြစ်တယ်ဆိုတာ သံသယမရှိပါဘူး။ ဒီအလေ့အထက အိန္ဒိယအစိုးရအတွက် ဝင်ငွေဆုံးရှုံးမှု ဖြစ်စေပါတယ်”လို့ အကြီးတန်းအရာရှိက ဆိုပါတယ်။
ဇိုခေါရ်ဒါနယ်စပ်ကုန်သွယ်ရေးစခန်းဟာ အထည်အလိပ်၊ ငွေထည်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းနဲ့ အချိုရည်တွေအပါအဝင် မြန်မာနိုင်ငံက သွင်းကုန်တွေကို လက်ခံဆောင်ရွက်ပါတယ်။
အိမ်နီးချင်းနိုင်ငံအတွင်း လုံခြုံရေးစိုးရိမ်မှုတွေကြာင့် မီဇိုရမ်အာဏာပိုင်တွေဟာ ဇိုခေါရ်ဒါနယ်စပ်ဂိတ်ကိုဖြတ်ပြီး သွားလာမှုကို ကန့်သတ်ထားပါတယ်။
နယ်စပ်ဂိတ်ကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ လည်ပတ်နေပြီး မီဇိုရမ်ပြင်ပမှ အိန္ဒိယနိုင်ငံသားတွေကို ဝင်ခွင့်ကန့်သတ်ထားပါတယ်။
မြန်မာဘက်ခြမ်းက ချင်းပြည်နယ်၊ ရိခေါရ်ဒါမြို့မှာ နေထိုင်တဲ့ ဒေသခံတွေဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်နေ ဆန်၊ ဆီ၊ ဆား၊ ငါးပိတို့ကို အဓိက တင်သွင်းနေပါတယ်။
အိန္ဒိယဟာ မြန်မာနိုင်ငံရဲ့ ပဉ္စမမြောက် အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုအနေနဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၁.၇၆ ဘီလီယံနဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၁.၇၄ ဘီလီယံ ရှိခဲ့ပါတယ်။

image