နာကျင်မှုဆိုတာ လူတိုင်းမှာ ရှိကြစမြဲပါပဲ။ ဒါဟာ လူရယ်လို့ ဖြစ်လာကတည်းက ကိုယ်နဲ့အတူ တွဲပါလာတဲ့ အရာတစ်ခုပါ။ ဒါပေမယ့် နာကျင်မှုတွေကို ဖြေရှင်းဖို့မကြိုးစားဘဲ မြိုသိပ်ထားတဲ့အခါ အစိုင်အခဲတွေကြီးမားလာပြီး စိတ်ဒဏ်ရာတွေအဖြစ် ကူးပြောင်းလာကြပါတယ်။
ရွှေဥဒေါင်းရဲ့ တစ်သက်တာမှတ်တမ်းနဲ့ အတွေးအခေါ်များစာအုပ်ထဲမှာ ဒီလိုစိတ်ဒဏ်ရာတွေကို ဖြူကောင်မှာ ဆူးတွေပေါက်လာတာနဲ့ နှိုင်းယှဥ်ပြတယ်။ နာကျင်မှုအစိုင်အခဲတွေကနေ ဖြစ်လာတဲ့ စိတ်ဒဏ်ရာတွေဟာ ဖြူကောင်နဲ့တူတဲ့ သူ့ဆီမှာ ပေါက်လာတဲ့ ဆူးတွေပေါ့။ ကျွန်တော်ကတော့ ဒီဖြစ်စဥ်ကို ဆေးမထည့်ဘဲထားတဲ့ အနာက အမာရွတ်ဖြစ်လာတာနဲ့ နှိုင်းပြချင်တယ်။ မိသားစုနဲ့ အတိုက်အခံဖြစ်လို့ နာကျင်ရတယ်၊ ကိုယ့်ကို တစ်ယောက်ယောက်က စိတ်နာသွားအောင်လုပ်လို့ နာကျင်ရတယ်၊ကိုယ်ချစ်ရတဲ့သူတစ်ယောက်ကို ဆုံးရှုံးလိုက်ရလို့ နာကျင်ရတယ်။ အဲ့ဒီနာကျင်တဲ့ခံစားချက်တွေကို မရင်ဆိုင်ဘဲ မြိုသိပ်ထားလိုက်တဲ့အခါ စိတ်ဒဏ်ရာတွေဖြစ်လာတယ်။ တစ်ကိုယ်ရည်စာ အမာရွတ်တွေပေါ့။ တစ်ဖက်မှာကျ မျိုးဆက်လိုက်ပါလာတဲ့ အမာရွတ်တွေရှိကြတယ်။ ဒီအမာရွတ်တွေကိုတော့ ကျွန်တော်တို့မှာ သိပ်များများစားစား ရွေးချယ်ပိုင်ခွင့်မရှိဘူး။ ဥပမာ - ဒုတိယကမ္ဘာစစ်တုန်းက အဆိပ်ငွေ့ခန်းထဲ ပိတ်လှောင်ခံရမယ့်ဘေးကနေ လွတ်လာတဲ့ ဂျူးလူမျိုးတွေနဲ့ သူတို့ရဲ့မျိုးဆက်တွေ၊ ရခိုင်မှာ လူမျိုးတုံးသတ်ဖြတ်ခံရတာတွေ ကြုံခဲ့ရတဲ့ ရိုဟင်ဂျာတွေနဲ့ သူတို့မျိုးဆက်တွေ၊ တော်လှန်ရေးမှာ အသက်ပေးသွားရတဲ့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေနဲ့ မျိုးဆက်တွေ။ သူတို့တွေရဲ့ အမာရွတ်ဟာ နောက်မျိုးဆက်တွေအထိ ပါလာကြတယ်။ မျိုးဆက်လိုက် ကုစားဖို့ကြိုးစားကြရတယ်။ A Real Pain ရုပ်ရှင်က အဲ့ဒီအမာရွတ် ၂ မျိုး ပွတ်တိုက်တတ်ပုံနဲ့ ဘယ်အမာရွတ်က ပိုအရေးကြီးသလဲဆိုတဲ့အပေါ် မေးခွန်းထုတ်တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒီလိုပြောလို့ A Real Pain မှာ သွေးပျက်ဖွယ်ဇာတ်ဝင်ခန်းတွေ၊ နက်နဲလှတဲ့ အတွေးအခေါ်တွေနဲ့ ပဋိက္ခတွေ ပါသလားဆို မပါပါဘူး။ ဂျူးလူမျိုး ဝမ်းကွဲညီအစ်ကို ၂ ယောက်က သူတို့အဖွား ပိုလန်ကနေ အမေရိကန်နိုင်ငံကို မခိုလှုံရခင် နောက်ဆုံးနေခဲ့တဲ့ တိုက်ခန်းလေးကို သွားကြည့်ကြရုံပါပဲ။ စလိုက်ရအောင်ပါ။
David နဲ့ Benji တို့ဟာ မျိုးရိုးကြောင့်သာ ဝမ်းကွဲညီအစ်ကိုတွေဖြစ်ကြပေမယ့် ဝိသေသချင်းကတော့ ပြောင်းပြန်ပါပဲ။ David က အေးဆေးသမား၊ အတွေးလွန်တတ်တယ်၊ စိတ်စွဲလမ်းလွန်ပြီး မလုပ်ရမနေနိုင်တဲ့ဝေဒနာ (OCD) ရှိတယ်၊ အရာရာကို စိုးရိမ်ကြောင့်ကြတတ်တယ်၊ ဒီတော့ ဘာမဆို ကြိုတင်ပြင်ဆင်ထားမှ၊ အရာအားလုံးက အစီအစဥ်ကျနေမှ သက်တောင့်သက်သာနေနိုင်တယ်။ တစ်ဖက်က Benji ကတော့ လေလွင့်ရာကို လိုက်ပျံတဲ့ငှက်မျိုး၊ ရှေ့ဆက်ဘာဖြစ်မယ်ဆိုတာ သိပ်ပူပင်မနေဘဲ ပစ္စုပ္ပန်မှာပဲ နေတယ်။ ဆင်းရမယ့်ဘူတာကျော်သွားလား ရတယ်။ တစ်ဖက်က ပြန်လာမယ့်ရထားကို စောင့်စီးလိုက်မယ်။ စကားပြောတာလည်း အထာမထားဘူး၊ ရင်ထဲရှိတဲ့အတိုင်း အရာအားလုံးကို ထုတ်ပြောတတ်တယ်။ သူ့မှာ စည်းတွေဘောင်တွေသိပ်မရှိဘူး။ ဒီညီအစ်ကို ၂ ယောက်ရဲ့ အဖွား Dory က ဒုတိယကမ္ဘာစစ်တုန်းက ဂျူး ၆ သန်းကို အဆိပ်ငွေ့ခန်းထဲ အလုံပိတ်ပြီး အစုလိုက်အပြုံလိုက်သတ်တဲ့အဖြစ်အပျက် (Holocaust) ကနေ ကံကောင်းထောက်မလို့ လွတ်လာပြီး အမေရိကန်မှာ လာခိုလှုံတဲ့သူ။ ပြောရရင် သူတို့ Kaplan မျိုးဆက်မှာ အမေရိကန်မြေကို ပထမဆုံးနင်းခဲ့တဲ့သူပေါ့။ David နဲ့ Benji ကတော့ တတိယမျိုးဆက်ဖြစ်သွားကြပြီ။ အမေရိကန်ယဥ်ကျေးမှုက ပိုလွှမ်းမိုးတာပေါ့လေ။ ဒီတော့ အဖွားဖြစ်သူက မဆုံးခင်မှာ ဒီ မြေး ၂ ယောက်ကို သူတို့ရဲ့မျိုးဆက် ဘာတွေကြုံခဲ့ရသလဲဆိုတာ နားလည်အောင်လို့ ပိုလန်ကို ခရီးသွားလေ့လာဖို့အတွက် ပိုက်ဆံနည်းနည်းချန်ခဲ့တယ်။ ကြားထဲမှာ အလှည့်အပြောင်းတစ်ခုရှိပေမယ့် ဒါတော့ ထားပါလေ။ ဒီလိုနဲ့ ညီအစ်ကို ၂ ယောက် ပိုလန်ကိုရောက်လာပြီး တခြား သူတို့လို ခရီးသွားတွေနဲ့အတူ ဒုတိယကမ္ဘာစစ်တုန်းက ပိုလန်က ဂျူးတွေရဲ့သမိုင်းကို ပြတဲ့ အဆောက်အအုံတွေ၊ ပြတိုက်တွေ၊ သမိုင်းဝင်နေရာတွေကို သွားလည်ကြတယ်။ မပြန်ခင်ရက်မှာ သူတို့အဖွား နောက်ဆုံးနေခဲ့တဲ့ တိုက်ခန်းကလေးကို သွားကြည့်ကြတယ်။
ဒီရုပ်ရှင်မှာ Benji က တစ်ကိုယ်ရည်အမာရွတ်တွေ ရှိနေခဲ့တယ်။ အိပ်ဆေးတွေသောက်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့လည်း ကြိုးစားဖူးတယ်။ လူများအမြင်မှာတော့ သူဟာ တခါတလေ ဖော်ရွေတယ်၊ တခါတလေ ဘုကလန့်ဂွစာဆန်တယ်၊ တခါတလေ သည်းခံချင်စိတ်ကုန်လောက်အောင် စိတ်ပျက်စရာဖြစ်တယ်။ ဒါဟာ တကယ်တော့ Benji ရဲ့ ဒိုင်းကာပဲ။ သူဟာ သူ့အမာရွတ်ကို ကုစားမယ့်အစား မျိုးဆက်လိုက်ကြုံခဲ့ရတဲ့ အမာရွတ်အပေါ် လူတိုင်းကုစားကြဖို့ တွန်းပို့တယ်။ ခရီးသွားလမ်းညွှန်နဲ့ တခြားခရီးသွားတွေကို “ကိုယ့်အရှေ့က ဂျူးမျိုးဆက်တွေက ဒုက္ခတွေ ခံစားခဲ့ရတာကို ကိုယ်တွေက ပထမတန်းမှာ ဇိမ်ခံနေမှာလား” ဆိုပြီး ပြောင်ပြောင်တင်းတင်းပြောတဲ့ ဇာတ်ဝင်ခန်းက ဒါကို ညွှန်ပြနေတယ်။ ဒီလိုပြောလို့ Benji က Holocaust ကြောင့် စိတ်ခံစားချက်တွေ ပေါက်ထွက်နေတာတော့မဟုတ်။ သူက သူ့စိတ်ဒဏ်ရာကို ဖုံးဖိဖို့ကြိုးစားလေ ပိုပေါက်ကွဲလေမို့လို့ပဲ။ Benji က သူ့ရဲ့ တစ်ကိုယ်ရည်စာအမာရွတ်ကို သိပ်ဂရုစိုက်တယ်။ လူတွေ ဒီအမာရွတ်ကို မြင်မှာကြောက်တယ်။ ကြောက်လေ၊ ဖုံးဖိလေ၊ ပိုပေါက်ကွဲထွက်လေဖြစ်တာဟာ Benji ပဲ။
