9 w - Translate

နှစ်ဦးသဘောတူနေ့စွဲများ
မြင်မြင်ချင်း တစ်ယောက် ဘဝထဲ တစ်ယောက်
လေးလေးနက်နက် နစ်မြှုပ်ခဲ့ကြ
တွေ့တွေ့ချင်း တစ်ယောက် အာရုံထဲရှိတာ တစ်ယောက်
အလိုအလျောက် သိမြင် နားလည်ခဲ့ကြ
တစ်ယောက် ရင်ဘတ်ကို တစ်ယောက်
ဓားနဲ့ပေါက် လက်တည့်စမ်းခဲ့ကြ
စိတ်ကူးယဉ် ကိတ်မုန့်တစ်လုံးကို
အတူဖုတ်ပြီး မက်မက်မောမော စားခဲ့ကြ
ကျေနပ်ခြင်း သီးစုံဖျော်ရည် တစ်ခွက်ကို
အတူဖျော်ပြီး အငမ်းမရ မော့သောက်ခဲ့ကြ
ပင်စည်တစ်ခုပေါ်မှာ ပိုးမွှားတွေလို တွယ်ကပ်
ပြင်းပြတဲ့ တပ်မက်ခြင်းတွေနဲ့ အတူတကွ ရှင်သန်ခဲ့ကြ
တစ်ယောက် အိပ်မက်ကို တစ်ယောက် ဖောက်ထွင်း
ငြိမ်သက်ခြင်း ကြမ်းပြင်ပေါ်မှာ ပင့်သက်တွေ ပစ်ချခဲ့ကြ
တစ်ယောက် မျက်လုံးထဲ တစ်ယောက် ပြေးဝင်
ပွင့်ပွင့်လင်းလင်း ချင်ခြင်းတပ်ခဲ့ကြ
တစ်ယောက် မနက်ဖြန်ကို တစ်ယောက် စာချုပ်
မမြင်ရတဲ့ အချိန်ကာလကို ဖမ်းဆုပ်ခဲ့ကြ
ပြန်စဉ်းစားကြည့်တော့
နောက်ကျနေတဲ့ ရထားပေါ်မှာ ကြင်ကြင်နာနာ ပြစ်မှား
တစ်ယောက်နဲ့ တစ်ယောက် ပစ္စလက်ခတ် အသားချင်း ထိမိခဲ့ကြ
ရေစီးသန်တဲ့ မြစ်ကို စွန့်စွန့်စားစား ကူးဖြတ်
တစ်ယောက် အတ္တကို တစ်ယောက် ကြက်ခြေခတ်မိခဲ့ကြ
ရှုပ်ထွေး ကောက်ကွေ့လွန်းတဲ့ လောကအလယ်
တစ်ယောက်နဲ့ တစ်ယောက် မိုက်မိုက်ကန်းကန်း ငြိတွယ်မိခဲ့ကြတာ
ဘာများ ဆန်းကြယ်လို့လဲကွယ် ။
-လှသန်း

image