ပြည်ပမှတင်သွင်းခွင့်ပြုထားသည့် ဘိလပ်မြေများ ယခုဖေဖော်ဝါရီလအတွင်း ရောက်ရှိမည်

ဖေဖော်ဝါရီ ၁၈

ပြီးခဲ့သည့် ဇန်နဝါရီလနောက်ဆုံးအပတ်တွင် တင်သွင်းခွင့်ပြုထားသည့် ပြည်ပမှ ဘိလပ်မြေများ ယခုဖေဖော်ဝါရီလအတွင်း ရောက်ရှိမည်ဖြစ်ကြောင်း ဘိလပ်မြေတင်သွင်းမှုနှင့်သက်ဆိုင်သည့် တာဝန်ရှိသူများက အသိပေးထုတ်ပြန်ထားသည်။

နိုင်ငံတစ်ဝန်းတွင် ယခုပွင့်လင်းရာသီချိန်၌ ဆောက်လုပ်ရေးလုပ်ငန်းများတိုးမြှင့် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများအချိန်မီ ပြီးစီးနိုင်ရေးအတွက် ဘိလပ်မြေလိုအပ်ချက်များအား ပြည်တွင်း ဘိလပ်မြေစက်ရုံများ၏ ထုတ်လုပ်မှုများအပြင် ပြည်ပမှဘိလပ်မြေများကို နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်းတိုမှ အားဖြည့်တင်သွင်းခွင့်ပြုထားကြောင်းနှင့် အဆိုပါ ပြည်ပဘိလပ်မြေများသည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရောက်ရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ ပြည်ပမှ ဘိလပ်မြေများတင်သွင်းနိုင်ရေးအတွက် ပြီးခဲ့သည့် ဇန်နဝါရီလ နောက်ဆုံးအပတ်မှစတင်၍ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းနှင့် ပင်လယ်ရေကြောင်းတို့မှတစ်ဆင့် တင်သွင်းခွင့် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြည်တွင်း၌ ဘိလပ်မြေများ တိုးမြှင့်ထုတ်လုပ်နိုင်ရန် ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများအတွက် လိုအပ်သောစက်မှုကုန်ကြမ်း ကျောက်မီးသွေးများကို ဖေဖော်ဝါရီလမှစတင်၍ ပြည်ပမှ တင်သွင်းခွင့်ပြုထားကြောင်း ဘိလပ်မြေတင်သွင်းမှုနှင့်သက်ဆိုင်သည့် တာဝန်ရှိသူများက ဖေဖော်ဝါရီ ၇ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

ပြည်တွင်း၌ ဘိလပ်မြေလိုအပ်ချက် မြင့်တက်လာခဲ့၍ လက်ရှိတွင် ဘိလပ်မြေဈေးနှုန်းများမှာ အမှတ်တံဆိပ်နှင့် မှာယူသည့်အိတ်အရေအတွက်အပေါ်မူတည်ကာ တစ်အိတ်လျှင် ကျပ် ၂၂,၀၀၀ မှ ကျပ် ၂၈,၀၀၀ ဝန်းကျင်အထိ ဖြစ်ပေါ်နေကြောင်း သိရသည်။

#centralnewsnaypyitaw

image