ဒီတစ်ခါလွဲရင် ပြန်မဆုံနိုင်မှန်းသိသိနဲ့
မင်းလည်း..ငဲ့မကြည့်ခဲ့ ။
ငါလည်း..လှည့်မကြည့်ခဲ့ ။
အလွယ်အစားထိုးလို့ရတဲ့အရာတွေလို့
တွေးထားသရွေ့..ကမ္ဘာကြီးဟာ
လမ်းကျဥ်းလေးတစ်ခုဖြစ်ရင်တောင်
နောက်တစ်ကြိမ်ဘယ်တော့မှ
ဝင်တိုက်မိကြမှာမဟုတ်ဘူး ။
ဘယ်ရထားမှာ လွဲခဲ့ကြလဲ ?
ဘယ်ရထားစီးရင် ပြန်ဆုံနိုင်လဲ ?
တစ်ယောက်ဟာ...
စီးလက်စ ရထားဟောင်းကြီးပေါ်မှာ
ပိုင်ရှင်မဲ့အိမ်မက်တွေတစ်ပွေ့တစ်ထုပ်ကြီးနဲ့
အပြင်ကို ခေါင်းတပြူပြူ ?
တစ်ယောက်မှာ ?
တက်လက်စ ရထားသစ်ကြီးပေါ်မှာ
အပျော်တွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့
ရင်ခွင်သစ်ထဲ ခေါင်းတပြူပြူ ။
တစ်ယောက်ဟာ လမ်းလွဲကြတယ်သိ၍
ဆက်လက်မျှော် ။
တစ်ယောက်မှာ လမ်းခွဲကြတယ်သိ၍
ဆက်လက်ပျော် ။
ခုဆို...
လမ်းလွဲတာလား ?
လမ်းခွဲတာလား သဲကွဲပြီမို့
ရှေ့လျှောက် မေ့ပစ်ပါစို့ ။
ဝေးလက်စနဲ့မို့..
ဆက်လက်၍ မေ့လိုက်ကြပါစို့ ။
#ခွန်းနောင်သစ်

image