အကြမ်းဖက်ခြိမ်းခြောက်မှုများကြောင့် မန်းရွှေစက်တော်ဘုရားပွဲ လာရောက်သူ အလွန်နည်းပါး
ဖေဖော်ဝါရီ ၁၈
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးသည် နေ့စဉ်ရက်ဆက် အကြမ်းဖက် ခြိမ်းခြောက်မှုများကြောင့် ဘုရားဖူးလာရောက်သူ အလွန်နည်းပါးနေကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ မန်းရွှေစက်တော်ဘုရားပွဲတော်အတွက် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်တို့က မင်းဘူးမှ ရွှေစက်တော်ဘုရားလမ်းအထိ လုံခြုံရေးဆောင်ရွက်ထားသည့်အပြင် မကွေးတပ်နယ်၊ ကျောက်ပန်းတောင်းတပ်နယ်တို့မှလည်း လမ်းများတစ်လျှောက် လမ်းကင်းလုံခြုံရေးများ ချ ထားပေးကြောင်းသိရသော်လည်း နယ်မြေခံ လက်နက်ကိုင် အဖွဲ့များ၏ နေ့စဉ်ရက်ဆက်ဆိုသလို လူမှုကွန်ရက်မှခြိမ်းခြောက်မှုများကြောင့် မန်းရွှေစက်တော်ဘုရားပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များလာရောက်မှု အလွန်နည်းပါးနေကြောင်း သိရသည်။
“ဘုရားဖူးတွေမလာဘူး။ လိုင်းပေါ်ကနေ ခြိမ်းခြောက်နေတာကိုး။ ဘုရားဖူးတွေမလာကြနဲ့။ လာရင်တာဝန်မယူဘူး။ ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ ခြိမ်းခြောက်နေတော့ မလာရဲတော့ဘူးလေ။ ရွှေစက်တော်က အဲဒီလိုဖြစ်နေတယ်။ သဲချောင်းဆိုရင် အလကားပေးရင်တောင် မဝယ်ကြတော့ဘူး။ အဲဒီလိုဖြစ်နေတယ်။ သဲချောင်းလည်းမရှိဘူး။ လူလည်းမရှိဘူး”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ယခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြ သူများအဆင်ပြေစေရန် တည်းခိုဆောင် အခန်းပေါင်း (၃၀ဝ) ကျော်နှင့် ဈေးဆိုင်ခန်းပေါင်း (၃၅၀)ခန့် ဆောက်လုပ်ပေးထားသော်လည်း ပွဲတော်စတင်ကျင်းပသည့် (၁၀)ရက်ကျော်တိုင် ဘုရားဖူးဝင်ရောက်မှု အလွန်နည်းပါးနေလျက်ရှိနေကြောင်း သိရသည်။သို့သော် ဖေဖော်ဝါရီလ (၂၀)ရက် နောက်ပိုင်း အခြေခံ ပညာကျောင်းများမှ အတန်းတင် စာမေးပွဲများဖြေဆိုပြီးပါက ဘုရားဖူးဧည့်သည်ဝင်ရောက်လာနိုင် ကြောင်းလည်း အထက်ပါဒေသခံက သုံးသပ်ထားသည်။
“ကျွန်တော်အသက်နှစ်(၆၀)အတွင်း ပထမဆုံးကြုံရတာပဲ။ မနှစ်ကများတယ်။ မနှစ်က ခြိမ်း ခြောက်တာမရှိဘူး။ နောက်ပြီးတော့ တချို့နေရာတွေမှာလည်း လုပ်ကြံတာတွေရှိတုန်းပဲလေ။ ကျောင်း သားတွေအတွက် နွေရာသီကျောင်းပိတ်ရက်ဆိုရင်တော့ ပြောလို့မရဘူး။ ဘုရားဖူးတွေ ရောက်လာနိုင် တယ်။ အခုကတော့ ဟိုတယ်တွေလည်း ဟာလာဟင်းလင်းနဲ့ ဈေးသည်တွေလည်း ထိုင်နေရတဲ့အခြေ အနေပေါ့” ဟု ၎င်းကဆက်ပြောသည်။
မန်းရွှေစက်တော်ဘုရားပွဲတော်ကို ကိုဗစ် (၁၉)ကာလနှင့် နိုင်ငံရေးအခင်းအကျင်းအပြောင်း အလဲများကြောင့် ပွဲတော်ကျင်းပရန် နှစ်အတော်ကြာ ရပ်နားခဲ့ရကာ ပြီးခဲ့သည့်(၂၀၂၄)ခုနှစ်က ပြန်လည် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ဘုရားပွဲကို ပြီးခဲ့သည့် ဖေဖော်ဝါရီ (၂)ရက်မှစတင်ကာ ဧပြီ(၁၇)ရက်အထိ သင်္ကြန်ရုံးပိတ်ရက်အပါအဝင် ရက်ပေါင်း (၇၅) ရက် ကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
#centralnewsnaypyitaw
