Part-2
*လူတစ်စု အုပ်စိုးခြင်းလား၊ ကိုယ်စားလှယ် အုပ်စိုးခြင်းလား

၅။ နိုင်ငံသားတို့အနေနှင့် မိမိတို့ စိတ်ဝင်စားရာ၊ တန်ဖိုးထားရာ ကိစ္စရပ်များကို စုပေါင်း ဆောင်ရွက်ရန်အတွက် လွတ်လပ်စွာ စည်းရုံး ဆော်ဩခွင့်၊ အသင်းအပင်းများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိခြင်း။
၆။ မဲဆန္ဒရှင် ပြည်သူများအနေနှင့် မိမိတို့ ကိုယ်စားလှယ်များထံ မိမိတို့ သဘောဆန္ဒများနှင့် လိုလားချက်များကို အသိပေး ပြောဆိုနိုင်သည့် နည်းလမ်း၊ သို့မဟုတ် လမ်းကြောင်းမျိုးစုံရှိခြင်း။
၇။ နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် စပ်လျဉ်း၍ အများပြည်သူ မသိရှိဘဲ ပြင်ဆင်ခွင့် မရှိခြင်း၊ ပြင်ဆင်မည်ဆိုက အများပြည်သူ ဆန္ဒမဲ ပေးသော နည်းဖြင့်သာ ပြင်ဆင်နိုင်ခြင်း။
၈။ ပြည်သူ့ ရပိုင်ခွင့်များကို တရားဥပဒေအရ အကာအကွယ် ပေးထားခြင်း၊ တရားသူကြီးများအနေနှင့်လည်း ဥပဒေနှင့်အညီ စီရင် ဆုံးဖြတ်ရာ၌ အစိုးရ (အုပ်ချုပ်ရေး) ယန္တရား၏ ဩဇာမှ ကင်းလွတ်ခြင်း.. စသဖြင့် ဖြစ်သည်။
ဤသည်က ကိုယ်စားပြု ဒီမိုကရေစီ စစ်စစ်တို့၏ သဘောကိုဆိုခြင်း ဖြစ်ပါသည်။
သို့တိုင်အောင်၊ ကိုယ်စားပြု ဒီမိုကရေစီ အတော်များများပင် ယင်းသဘော မပီပြင်ဘဲ လူတစ်စု အုပ်စိုးမှုစနစ်၏ အသွင်မျိုး မကြာခဏ ရှိနေတတ်ကြသည်။
သို့သော်၊ ၎င်းတို့ကို အဆိုပါ လူတစ်စု စနစ်ဘက်သို့ တိမ်းညွတ်မသွားဘဲ ဒီမိုကရေစီ ဆန်စေဖို့၊ ဖိအားပေးနိုင် ထိန်းကျောင်းနိုင်သော အရာတစ်ခု ရှိပါသည်။
အဲဒါက အစဉ် နိုးကြား တက်ကြွနေသော ပြည်သူလူထုဖြစ်သည်။
ကိုယ်စားပြု ဒီမိုကရေစီ(ဝါ) ပြည်သူ့ကိုယ်စားလှယ်တို့အုပ်စိုးသောစနစ်၌ ဒီမိုကရေစီ အနှစ်သာရတို့ ပြည့်ဝနေရန်အတွက် တက်ကြွနိုးကြားသော ပြည်သူတို့ နိုင်ငံရေးတွင် လှုပ်ရှားပါဝင်သည့် တိုက်ရိုက် ဒီမိုကရေစီ ကျင့်စဉ်များဖြင့် မပြတ် အားဖြည့်ပေးနေဖို့ လိုသည်ဟု ဆိုရပေမည်။