#ယနေ့ထုတ်သတင်းစာ_သတင်း
◾️မြန်မာဘက်ခြမ်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများမှ ပြည်ပနိုင်ငံသား ၂၆၀ ကျော် ပြန်လည်လွတ်မြောက်
မြန်မာနိုင်ငံဘက်ခြမ်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၌ အဓမ္မစေခိုင်းခံရမှုကြောင့် အလုပ်လုပ်ကိုင်နေကြရသော နိုင်ငံခြားသား ၂၆၀ ကျော် ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း ထိုင်းစစ်ဘက်က ဖေဖော်ဝါရီ ၁၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ပြည်ပနိုင်ငံသား ၂၆၀ ကျော်တို့ကိုမြန်မာနယ်ခြားစောင့်တပ်ဖြစ်သည့် ဘီဂျီအက်ဖ်ကထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း၌ ထိုင်းတာဝန်ရှိသူများထံ လွှဲပြောင်းအပ်နှံခဲ့ခြင်းဖြစ်ကြောင်း ထိုင်းစစ်ဘက်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်
မြန်မာဘက်ခြမ်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများမှ ပြန်လည် လွတ်မြောက်လာသော နိုင်ငံခြားသားများမှာ တရုတ်၊ ဖိလစ်ပိုင်၊ အီသီယိုးပီးယား၊ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ဘရာဇီးနှင့် နီပေါနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း၂၀ ခန့်မှ နိုင်ငံသားများဖြစ်ကြောင်း ထိုင်းစစ်ဘက်တာဝန်ရှိသူများက ပြောကြားထားသည်။
လက်ရှိအချိန် အဆိုပါပြည်ပ နိုင်ငံသား ၂၆၀ ကျော်တို့ကို တာ့ခ်ပြည်နယ်ဖော့ဖရားခရိုင် အာဏာပိုင်များက စောင့်ရှောက်ပေးထားကြောင်း သိရသည်။
မြန်မာနယ်စပ်တစ်လျှောက်ရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကိုဖြိုခွင်းရေးအတွက် နယ်စပ်တစ်ဖက်ရှိ အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်းနှင့်တရုတ်တို့က ကြိုးပမ်းနေချိန်တွင် ဘီဂျီအက်ဖ်က အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများ၌ အဓမ္မစေခိုင်းခံနေရသူ ပြည်ပနိုင်ငံသားများကို ထိုင်းတာဝန်ရှိသူများထံလွှဲပြောင်းအပ်နှံခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံသည် မြန်မာနယ်စပ်တစ်လျှောက် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို ဖြိုခွင်းရေးရည်ရွယ်ချက်ဖြင့် ယင်းလုပ်ငန်းများတည်ရှိရာမြန်မာနယ်စပ်မြို့များကို လျှပ်စစ်မီး၊ အင်တာနက်နှင့် လောင်စာဆီများ ပေးပို့ဖြည့်ဆည်းမှု ရပ်တန့်ထားသည်။
