#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ ဂါဇာစစ်ပွဲ ပြန်ဖြစ်ပွားနိုင်မှုကြောင့် အရန်တပ်များ အစ္စရေးစစ်ဘက် ဆင့်ခေါ်ထား
အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ပျက်ပြားခဲ့ပါက ဂါဇာစစ်ပွဲ ပြန်လည်ဖြစ်ပွားမည့်အရေးအတွက် အစ္စရေးနိုင်ငံက အရန်တပ်များ ဆင့်ခေါ်ထားကြောင်း ဖေဖော်ဝါရီ ၁၂ ရက်သတင်းများတွင်ရေးသားဖော်ပြထားသည်။
အစ္စရေး၏ အပစ်ရပ်သဘောတူညီချက်ချိုးဖောက်မှုများကြောင့် ဖေဖော်ဝါရီ ၁၅ ရက်တွင် ဓားစာခံများ ထပ်မံလွှတ်ပေးမည့်အစီအစဉ်ကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ဟားမားစ်အုပ်စုက ကြေညာခဲ့ပြီးနောက် တစ်လနီးပါးကြာဂါဇာစစ်ပွဲအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရှေ့ရေးမညီမညာဖြစ်လာခဲ့ရသည်။
အလားတူ စီစဉ်ထားသည့်အတိုင်း ဖေဖော်ဝါရီ ၁၅ ရက်တွင် ဟားမားစ်အုပ်စုက ဓားစာခံများ ပြန်လွှတ်ပေးခြင်းမရှိခဲ့ပါက အပစ်ရပ်သဘောတူညီချက်ကို ဖျက်သိမ်း၍ ဂါဇာစစ်ဆင်ရေးများ ပြန်စမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကလည်း သတိပေးထားသည်။
လက်ရှိအချိန်တွင် ဂါဇာအပစ်ရပ်သဘောတူညီချက် ပျက်ပြားနိုင်မည့်အရေးအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အစ္စရေးစစ်ဘက်က အရန်တပ်များ ထပ်မံဆင့်ခေါ်ထားကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးလ်ကတ်ဇ်က ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောကြားထားသည်။
အလားတူ အစ္စရေးစစ်ဘက်အနေဖြင့် အစ္စရေးတောင်ပိုင်းသို့ အင်အားဖြည့်တပ်များ ထပ်မံစေလွှတ်ဖြန့်ကြက်နေကြောင်းလည်း သိရသည်။
ဇန်နဝါရီ ၁၉ ရက်တွင် စတင်အာဏာသက်ဝင်ခဲ့သော ဂါဇာကမ်းမြောင်စစ်ပွဲ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ သဘောတူညီချက်ပထမအဆင့် သီတင်းခြောက်ပတ်အတွင်း ဟားမားစ်အုပ်စုက ဓားစာခံ ၃၃ ဦး ပြန်လွှတ်ပေးရမည်ဖြစ်ပြီး အစ္စရေးနိုင်ငံက ပါလက်စတိုင်းအကျဉ်းသား ၂၀၀၀ နီးပါးပြန်လွှတ်ပေးရမည်ဖြစ်သည်။
