စက်မှုဇုန်များ၌ တစ်ရက်ခြားသာ မီးရနေခြင်းကြောင့် ဆီဖိုးကုန်ကျစရိတ်မြင့်တက်နေရာ ဝန်ထမ်းလစာတိုး‌‌ပေးရန် ခက်ခဲနေ

ဖေဖော်ဝါရီ ၁၂

စက်မှုဇုန်များ၌ တစ်ရက်ခြားစီသာမီးရရှိနေခြင်းကြောင့် စက်သုံးဆီဖိုးကုန်ကျစရိတ်မြင့်တက်‌ နေရာ ဝန်ထမ်းများကိုလည်း လစာတိုးပေးရန် အခက်အခဲရှိနေကြောင်း စက်မှုဇုန်လုပ်ငန်းရှင်အချို့ထံမှ သိရသည်။

ပြည်တွင်း၌ ပြီးခဲ့သည့် (၂၀၂၄)ခုနှစ် နှစ်ကုန်ပိုင်းအထိ တစ်ရက်လျှင် လျှပ်စစ်မီး(၄)နာရီလာ (၄)နာရီပျက်ပုံစံမှ ယခုနှစ်ဇန်နဝါရီလမှစ၍ (၄)နာရီသာ မီးပေးကာ (၈)နာရီပျက်ပုံစံဖြင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုပိုမိုဆိုးရွားလာခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ‌ရွှေလီ-မန်စံ ဓာတ်အားလိုင်း နှစ်လိုင်းတွင် တစ်လိုင်းမှာပြုပြင်ပြီးစီးပြီဖြစ်ခြင်း ကြောင့် လျှပ်စစ်ကို ယခင်ထက်တိုး၍ စမ်းသပ်ပေးနေပြီး ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် လျှပ် စစ်မီးရရှိချိန်ပြန်လည်ကြာမြင့်လာပြီဖြစ်ကြောင်း သိရသည်။ သို့သော် ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များတွင် ပြီးခဲ့သည့်ဇန်နဝါရီလမှစ၍ လျှပ်စစ်မီးရရှိမှုများ ပိုမိုဆိုးရွားလာခဲ့ပြီး တစ်ရက်ခြားစီသာ လျှပ်စစ်မီးရရှိကြောင်းသိရသည်။

'တစ်ရက်ခြားပဲရတယ်။ လာရင်လည်း နှစ်နာရီကနေ၊ လေးနာရီလောက်ပဲရတာ။ တစ်လလောက်ရှိနေပြီ။ နေ့တိုင်းမရဘူး။ အစည်းအဝေးတွေ ဘာတွေလည်းမခေါ်ဘူး။ ကျွန်တော်တို့ဘက်ကလည်း ဘာမှမတင်ပြတော့ပါဘူး။ တင်ပြလည်း ဘာမှလုပ်လို့ မရဘူးလေ”ဟု ရွှေပေါက်ကံစက်မှုဇုန်ရှိ လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ထိုသို့ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် စက်မှုဇုန်လုပ်ငန်းရှင်များအနေဖြင့် ယခင်ထက် ဆီဖိုး ပိုမိုကုန်ကျနေရပြီး ဝန်ထမ်းများ၏လစာများကိုလည်း တိုးပေးနိုင်ခြင်းမရှိကြောင်း သိရသည်။ "မီးတအရင်က်ပေမယ့်လည်း ဝန်ထမ်းလစာကတော့ အရင်အတိုင်းပဲ မပြောင်းလဲဘူး။ လျော့လည်းမလျော့ဘူး။ တိုးလည်းမတိုးနိုင်ဘူး။ ဆီကတော့ အပြင်ကဈေးထက် (၁၀ဝ)လောက်ပိုများတယ်။ ဝယ်ရတာတော့ မခက်ဘူး။ ဈေးကြီးတာတစ်ခုပဲ။ တစ်လီတာကို (၈၀)(၁၀ဝ)(၁၅၀)လောက်ကွာတယ်။ အရင်ကဆီဖိုး တစ်လကို သိန်း (၃၀ဝ)‌‌လောက်က အခုဆိုသိန်း(၅၀ဝ)လောက်ကုန်တယ်။ စက်ရုံအကြီးအသေးပေါ်တော့မူတည်တာပေါ့။ တချို့ဆို သိန်း ထောင်ဂဏန်းလောက်ကုန်တာလည်းရှိတယ်”ဟု အထက်ပါ လုပ်ငန်းရှင်က ဆက်လက်ပြောသည်။

ပြည်တွင်းရှိ စက်မှုဇုန်များတွင် လုပ်ကိုင်လျက်ရှိသည့် စက်ရုံလုပ်သားများအနေဖြင့် လုပ်ခလစာ နည်းပါးခြင်းအပြင် ကောလာဟလ သတင်းအမှားများကြောင့် ၎င်းတို့၏လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများနှင့်လည်း ကြုံတွေ့နေရခြင်းကြောင့် ပြည်ပထွက်ခွာမှုမှာ ဆက်လက်များပြားလျက်ရှိသည်။

နိုင်ငံအတွင်း၌ နှစ်စဉ်လျှပ်စစ်ဓာတ်အား (၉)ရာခိုင်နှုန်း တိုးတက်သုံးစွဲလျက်ရှိသဖြင့် စုစုပေါင်း (၅၄၈၃) မဂ္ဂါဝပ်လိုအပ်သော်လည်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေဖြင့် ယခုကာလတွင် တစ်ရက်ပျမ်းမျှ (၂၈၀ဝ) မဂ္ဂါဝပ်ခန့် သာထုတ်လုပ်နိုင်ပြီး လိုအပ်ချက်၏(၅၀)ရာခိုင်နှုန်းခန့်ကိုသာ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image