လျှပ်စစ်မီးမလုံလောက်ခြင်းကြောင့် EV ကားများကို ပုံမှန်ထက်ဈေးလျှော့ရောင်းနေရ ဟုဆို
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
လက်ရှိအခြေအနေတွင် လျှပ်စစ်မီးလုံလောက်စွာမရရှိခြင်းကြောင့် EV ကားများကို ပုံမှန်ထက်ဈေးလျှော့ရောင်းနေရကြောင်း ကားဝယ်/ရောင်းလုပ်ကိုင်သူများထံမှ စုံစမ်းသိရှိရသည်။
EV ကားတင်သွင်းခွင့်ကို အလှည့်ကျစနစ်ဖြင့် လိုင်စင်ထုတ်ပေးနေပြီး ဝယ်လိုအားနှင့် ရောင်းလိုအား မျှတမှုမရှိကြောင်း သိရသည်။
"EV ကားဈေးကွက်ကတော့ ထိုက်သင့်တဲ့ဈေးထက် ချရောင်းနေရတယ်။ EV အတွက် လုံလောက်တဲ့ အခြေခံအဆောက်အအုံရှိရမယ်။ လျှပ်စစ်မီးတွေ လုံလောက်အောင်ပေးရမယ်။ လက်ရှိမှာတောင် လျှပ်စစ်မီးက အိမ်သုံးစွဲဖို့တောင် ခွဲဝေသုံးစွဲနေရတာဆိုတော့ EV ကားအတွက် နည်းနည်းလေးအခက်အခဲရှိလာတယ်။ EV ကားလိုင်စင်တွေက အလှည့်ကျစနစ်နဲ့ကျလာတဲ့ဒီထဲကို အသွင်းပဲရှိတယ်။ ပြန်ရောင်းတဲ့အခါကျတော့ ဈေးဆွဲတင်လို့မရဘူး။ ပုံမှန်ထက် လျှော့ရောင်းနေရတယ်။" ဟု ကားဝယ်ရောင်းလုပ်သူတစ်ဦးက ပြောသည်။
EV တင်သွင်းခွင့်ရရှိထားသည့် ကုမ္ပဏီ ၈၀ ကျော်ရှိပြီး၊ ကုမ္ပဏီတစ်ခုကို တစ်နှစ်လျှင် အစီးရေ ၅၀၀ နှုန်း တင်သွင်းခွင့်ရှိကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံအတွင်းသို့ BYD, Toyota, Honda, MG4, Nissan စသည့် EV ကားအမျိုးအစားများစွာ ဝင်ရောက်ထားကြောင်း၊ အမျိုးအစားနှင့် မော်ဒယ်ပေါ်မူတည်ပြီး အနိမ့်ဆုံးကျပ်သိန်း ၆၀၀ ကျော်မှ ကျပ်သိန်း ၂၀၀၀ ကျော်အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။
#centralnewsnaypyitaw
