အွန်လိုင်းငွေလိမ် ကျားဖြန့်အဖွဲ့နှင့် ဆက်နွယ်မှုရှိသဖြင့် ထိုင်းရဲမင်းကြီးနှစ်ဦး တာဝန်မှရပ်နားခံရ
ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၂
ထိုင်း-မြဝတီ နှစ်နိုင်ငံနယ်စပ်တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်အဖွဲ့နှင့်ဆက်နွယ်မှုရှိသဖြင့် ထိုင်းရဲတပ်ဖွဲ့က ရဲမင်းကြီးနှစ်ဦးကို ဖေဖော်ဝါရီ ၁၁ ရက်၊ နေ့စွဲဖြင့် တာဝန်မှရပ်နားလိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
အွန်လိုင်းငွေလိမ် ကျားဖြန့်အဖွဲ့နှင့် ဆက်နွယ်မှုရှိနေသည့် ထိုင်းရဲမင်းကြီးနှစ်ဦးသည် ရဲမင်းကြီး အက်ကာရတ်အင်တာစပ်နှင့် တာ့ခ်ပြည်နယ်ရဲချုပ် ရဲမင်းကြီး စမ်ရစ်အမ်ကာမော်လ်တို့ဖြစ်ကြောင်း သိရသည်။
"ထိုင်းရဲမင်းကြီး အက်ကာရတ်က မြဝတီမြို့နယ်မှာရှိတဲ့ ရာဇဝတ်ဂိုဏ်းများနဲ့ ပတ်သက်ဆက်နွယ်နေတယ်လို့ စွပ်စွဲခံထားရတဲ့အပြင် တာ့ခ်ပြည်နယ်ရဲချုပ် ရဲမင်းကြီး အမ်ကာမော်လ်ကလည်း သူ့နယ်မြေရှိ ရာဇဝတ်ဂိုဏ်းများကို ထိထိရောက်ရောက် အရေးမယူခဲ့ခြင်းကြောင့် တာဝန်မှရပ်နားခံလိုက်ရတာပါ။" ဟု ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားများကို ကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ထိုင်းကာကွယ်ရေးဝန်ကြီး ဖွန်သမ်ဝက်ချာယာချိုင်က ထိုင်း-မြန်မာနယ်စပ်ရှိ တရားမဝင်လုပ်ငန်းများနှင့်ပတ်သက်နေသည့် အစိုးရအရာရှိများ ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ နယ်စပ်ဒေသများရှိ ရာဇဝတ်ဂိုဏ်းများကိုလည်း ထိရောက်စွာ ဖမ်း ဆီးအရေးယူလျက်ရှိပြီး ထိုင်း-မြဝတီ နယ်စပ်ဒေသတွင် ဆက်သွယ်ပေးထားသည့် လျှပ်စစ်မီးကိုလည်း ထိုင်းအစိုးရက ဖေဖော်ဝါရီ ၇ ရက်က စတင်ဖြတ် တောက်ခဲ့ကြောင်း သိရသည်။
လက်ရှိ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ အွန်လိုင်းငွေလိမ် ကျားဖြန့်အဖွဲ့ကိုလည်း ထိုင်းအစိုးရက ပြင်းထန်စွာ အရှိန်မြင့်ဖော်ထုတ်အရေးယူလျက်ရှိပြီး အ ဆိုပါကျားဖြန့်အဖွဲ့တွင် တရုတ်နိုင်ငံသားအများဆုံး ဖမ်းဆီးရမိခဲ့ကြောင်း ဖေ ဖော်ဝါရီ ၁၁ ရက်၊ နေ့စွဲဖြင့် ဘန်ကောက်ပို့စ်သတင်းဌာနက သတင်းထုတ်ပြန်ခဲ့သည်။
#သတင်းဟင်းလေးအိုးကြီး

