11 w - Translate

ပညာမရှိသောသူဌေးသား
******************
ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ သူဌေးကြီး တစ်ယောက်ရှိသတဲ့။ ဗာရာဏသီပြည်မှာတော့ အင်မတန် ကြွယ်ဝချမ်းသာတဲ့သူဌေးကြီးပါပဲ။ သူဌေးကြီးပိုင်တဲ့ ပစ္စည်းဥစ္စာရွှေငွေရတနာတွေက လက်ညှိုးထိုးလို့မလွဲဘူး။ အများကြီးပဲတဲ့။ အဲဒီသူဌေးကြီးမှာ သားတစ်ယောက် လဲ ရှိတယ်တဲ့။

သူဌေးကြီးက သားဖြစ်သူကို အင်မတန်ချစ်ရှာ တယ်။ ချစ်ရှာလွန်းလို့ မျက်စိအောက်က အပျောက်မခံ ဘူး။ သူဌေးကြီးရဲ့ မျက်စိအောက်မှာပဲထားတယ်။ သား မျက်နှာမညှိုးစေရဘူး။ သားဆိုသမျှ အလိုကျဖြစ်အောင် ဖြည့်ဆည်းပေးနေတယ်။ အလိုလိုက်အကြိုက်ဆောင် ပေးပြီး သားဖြစ်သူကို ဖူးဖူးမှုတ်ထားတာပါပဲ။

ဒီလိုနဲ့ပဲ သားဖြစ်သူက စာသင်ရမဲ့အရွယ်ရောက် နေပြီ။ ဒါပေမဲ့ ဖခင်ဖြစ်တဲ့သူဌေးကြီးက သားဖြစ်တဲ့ သူကို စာသင်ဖို့မပြောဘူး။ “ငါ့မှာ ပစ္စည်းဥစ္စာရွှေငွေ ရတနာတွေအများကြီးပဲ။ ဒါတွေကို ငါ့သားပဲရမယ်။ ငါ့သားရမဲ့ ပစ္စည်းဥစ္စာရွှေငွေရတနာတွေက ငါ့သား တစ်သက် စားလို့မကုန်ဘူး။ ငါ့သားက သူဌေးသားပဲ။ စာတတ်စရာမလိုပါဘူး။ ကျောင်းသွားပြီး စာသင်မနေ နဲ့။ အများတကာနဲ့ ရောရောနှောနှောနေရတာကို စိတ် မချဘူး။ အိမ်မှာဇိမ်နဲ့နေ။ သားလိုချင်တာကိုပြော။ ချက်ချင်းရစေရမယ်။ အဖေနဲ့အတူ ပျော်ပျော်နေ၊ ပျော်ပျော် စား"လို့ပဲ ပြောနေတယ်။ ဒီတော့ သားဖြစ်သူကလဲ စာသင်ရကောင်းမှန်းမသိဘူး။

ဖခင်ဖြစ်တဲ့ သူဌေးကြီးနဲ့ ပျော်ပျော်နေ၊ ပျော်ပျော် စားရင်း အရွယ်ကကြီးလာတယ်။ ဖခင်ကြီးရဲ့အသက် အရွယ်ကလဲ အိုမင်းရင့်ရော်လာနေပြီ။ တစ်နေ့မှာ တော့ ဇရာထောင်းလာတဲ့ ဖခင်သူဌေးကြီးက လူကြီး ရောဂါနဲ့ကွယ်လွန်ပါလေရော။ ဒီတော့ သူဌေးသား တစ်ယောက်တည်း မျက်စိသငယ်နားသငယ်နဲ့ကျန်ခဲ့ တာပေါ့။

ဒီလို တစ်ယောက်တည်းကျန်ခဲ့ရတဲ့ သူဌေးသား က စာလဲမတတ်ဘူး။ ဖခင်ကြီးနဲ့အတူ အိမ်မှာပဲနေခဲ့ ရတာဆိုတော့ ပတ်ဝန်းကျင်နဲ့ကလဲ စိမ်းနေတယ်။

အပေါင်းအသင်းမိတ်ဆွေလဲမရှိဘူး။ သူဌေးသားနဲ့ ရင်းနှီးကျွမ်းဝင်တဲ့အပေါင်းအသင်းဆိုလို့ အိမ်မှာခိုင်းစေထား တဲ့ အစေအပါးတွေပဲရှိတယ်။ အိမ်မှာစေခိုင်းထားတဲ့ အစေအပါးတွေက သူဌေးသားစာမတတ်တာကို သိနေကြ တယ်။ သူဌေးသားက စာမတတ်တော့ ဘာမှမသိဘူး။ အရှေ့နဲ့အနောက်၊ တောင်နဲ့မြောက်ဆိုတဲ့ အရပ်လေးမျက်နှာ ကိုတောင် မသိဘူး။

အရပ်လေးမျက်နှာကိုတောင်မသိတော့ ဖခင်ကြီးရဲ့ ပစ္စည်းဥစ္စာရွှေငွေရတနာတွေ ဘယ်မှာ ထားတယ်ဆိုတာကိုလဲ မသိဘူး။ဘယ်လောက်ရှိတယ်ဆိုတာကိုလဲမသိပါဘူး။ အဲဒါတွေ ဘယ်နေရာမှာထား တယ်၊ ဘယ်လောက်ရှိတယ်ဆိုတာကို အိမ်မှာရှိနေတဲ့အစေအပါးတွေက သိတယ်။ ဒါတွေ သိရုံမကပါဘူး။ ဘာမှအလေးအနက်မထားဘဲ ပျော်ပျော်နေ၊ ပျော်ပျော်စားတဲ့ သူဌေးသားရဲ့ စရိုက်နဲ့ သူဌေးသားရဲ့ အကြိုက်ကိုလဲ အစေအပါးတွေက သိနေတာပါပဲ။

အစေအပါးတွေက သူဌေးသားရဲ့အကြိုက်ကို လိုက်လျောပေးတယ်။ အပျော်အပါးမက်တဲ့ သူဌေးသား ကတော့ အစေအပါးတွေစီမံပေးတဲ့ အပျော်အပါးတွေထဲမှာပဲ နစ်မျောနေတယ်။ အဲဒီအချိန်မှာ အစေအပါးတွေက သူဌေးသားရဲ့ ပစ္စည်းဥစ္စာရွှေငွေရတနာတွေကို သယ်ယူနေကြတယ်။ သွားလေသူ သူဌေးကြီးထားခဲ့တဲ့ ရရန် အကြွေးတွေကိုပါ တောင်းယူကြတယ်။ အဲဒီလိုအစေအပါးတွေ လုပ်ဆောင်နေတာကို သူဌေးသားက မသိဘူး။ နေ့မှန်း၊ ညမှန်းမသိအောင် သောက်စားမူးယစ်နေတော့တာပဲ။

အစေအပါးတွေက သွားလေသူ သူဌေးကြီးထားခဲ့တဲ့ ပစ္စည်းဥစ္စာရွှေငွေရတနာတွေကို နေ့စဉ်နေ့တိုင်း သယ်ယူနေကြတာဆိုတော့ ပစ္စည်းဥစ္စာရွှေငွေရတနာတွေ မရှိတော့ဘူး။ အဲဒီအခါမှာ အစေအပါးတွေက သူဌေးသားကိုပစ်ထားခဲ့တယ်။ သူဌေးသားနဲ့ လွတ်ရာ ကျွတ်ရာကို ထွက်ခွာသွားကြတာပေါ့။ တစ်ယောက်တည်း ကျန်ခဲ့ရတဲ့ သူဌေးသားလက်ထဲမှာ ပစ္စည်းဥစ္စာရွှေငွေရတနာတွေ ဘာမှမရှိတော့ဘူး။

သူဌေးသားပိုင်တာဆိုလို့ အိမ်ဝိုင်းနဲ့အိမ်ပဲရှိတော့တယ်။ ရှိတဲ့အိမ်ဝိုင်းနဲ့အိမ်ကို ရောင်းရတော့တာပဲ။ သူဌေး သားက မရောင်းမဖြစ်မို့သာ ရောင်းရတာပါ။ အိမ်ဝိုင်းနဲ့အိမ်ရဲ့ တန်ရာတန်ကြေးကိုမသိပါဘူး။ တန်ရာ တန်ကြေး မသိတော့ တန်ရာတန်ကြေးမရဘူးပေါ့။ ရောင်းလို့ရတဲ့ငွေနဲ့ပဲ စားလိုက်သောက်လိုက်၊ ပျော်လိုက်ပါးလိုက်ဆို တော့ မကြာခင်ကုန်တာပါပဲ။

ရောင်းစရာကလဲ ဘာမှမရှိတော့ဘူး။ ရောင်းစရာမရှိတော့ ခွက်ဆွဲပြီးတောင်းစားရ တာပေါ့။ အိမ်တကာလှည့်ပြီး တောင်းရမ်းစားသောက်နေရတဲ့ သူတောင်းစားဘဝရောက်သွားတယ်။ ဆင်းဆင်းရဲရဲ ချို့ချို့တဲ့တဲ့နဲ့ တောင်းရမ်းစားသောက်နေရရှာတဲ့ သူဌေးသားကို သူဌေးသားမှန်းသိတဲ့သူက သိနေကြတယ်။ သူဌေးသားမှန်းသိတဲ့သူတွေက “လောကမှာ သင်းလောက်မိုက်တဲ့သူမရှိဘူး။ မစဉ်းစားမဆင်ခြင် ထင်ရာစိုင်းခဲ့လို့ သူဌေးသားကနေ သူတောင်းစားဖြစ်နေပြီ။ သင်းလိုငမိုက်သားကို မသနားဘူး။ ငါ့အိမ်က အခု ထွက်သွားလို့" ကြိမ်းမောင်းရိုက်ပုတ်ပြီး နှင်ထုတ်ကြတော့တာပါပဲ။ ဒီတော့ လူသူနဲ့ဝေးရာတောကြီးထဲရောက်အောင် ထွက်ပြေး ရတာပေါ့။ တောကြီးတဲလဲရောက်ရော အစာငတ်ရေငတ်နဲ့ ခွေးသေဝက်သေ သေသွားရရှာတယ်။ သေလဲသေရော သူ့အသားကို လင်းတကြီးတွေက ကိုက်ဖဲ့စားနေကြသတဲ့။

တူ၊ တူမလေးတို့ရေ …
ဆားတုံဆရာတော်ဘုရားကြီးရေးသားခဲ့တဲ့ ‘ပညာမရှိသောသူဌေးသား အကြောင်း ပုံပြင်ကဗျာလေးကို ငယ်ငယ် တုန်းက ရွတ်ဆိုခဲ့ရပါတယ်။ အဲဒီပုံပြင်ကဗျာလေးကို အမှတ်တရရှိနေလို့ ပုံပြင်ကိုပြန်ရေးလိုက်တာပါ။

ပုံပြင်ထဲမှာပါတဲ့သူဌေးသားက စာသင်ရမဲ့အရွယ်မှာ စာမသင်ခဲ့ဘူး။ ဒီတော့ စာမတတ်ဘူး။ စာမတတ် တော့ စဉ်းစားမြော်မြင်ဆင်ခြင်တုံတရားမရှိဘူး။ အကောင်းနဲ့အဆိုး၊ အကျိုးနဲ့အပြစ်၊ အမှန်နဲ့အမှားကို မခွဲခြား နိုင်ဘူး။ ဒါကြောင့် သူဌေးသားက သူတောင်းစားဖြစ်ခဲ့ရတာပါ။ ပုံပြင်ထဲကသူဌေးသားလိုမဖြစ်ရအောင် ကျောင်းနေ အရွယ်မှာကျောင်းနေပြီး ဆရာ၊ ဆရာမတွေ သင်ကြားပေးတဲ့စာတွေကို သင်ယူကြပါစို့ကွယ်

Credit

image