Part-2
အမှတ်တရ ဆရာနိုး
နောက်နေ့ ကျွန်တော်တို့ ၂ ယောက် ပုပ္ပါးတောင်မကြီးကို တက်ကြပါတယ်။ အတော်တက်မိကြတော့ ဆရာနိုးက ‘ကိုတင်မိုးတို့ ကြည်အောင်တို့ ကိုလေးတို့ကို လွမ်းလိုက်တာဗျာ”လို့ ပြောပါတယ်။ ဒါနဲ့ပဲ ကျွန်တော် မြိုင်ထသီချင်း ဆိုလိုက် တယ်။ ဒီတော့မှ သူပျော်သွားပြီး ကိုအံ့ကြီးသီချင်းတွေ ဆိုပါတော့တယ်။ ကျွန်တော်တို့ခရီးက ပုပ္ပါးမှာ မဆုံးပါဘူး၊ ဆရာနိုးက ‘ပုဂံကိုဆက်သွားကြမယ်” တဲ့။ ပုဂံမှာ တည်းခိုဖို့ ဟိုတယ်ရွေးကြတော့ ဆရာနိုးက နာမည်ကြိုက်လို့တဲ့ “Trra Inn”ကို ရွေးပါတယ်။ အင်္ဂလိပ်ဝတ္ထုကြီးတွေထဲမှာ Inn ဆိုတဲ့စကားလုံးကို ခဏခဏဖတ်တွေ ရလို့ တည်းကြည့်ချင်တာတဲ့။ Trra Inn က စားပွဲထိုးချုပ် စောပလာတူးက ကျွန်တော်တို့နှစ်ယောက်ကို ခင်မင်သွားပြီး နောက်နေ့ Lunch သူကျွေးပါရစေလို့ ဖိတ်ပါတယ်။ ကျွန်တော်တို့လည်း သူ့ခင်မင်မှုကို လေးစားတဲ့ အနေနဲ့ ကျေးဇူးတင်စွာ လက်ခံစားသောက်ခဲ့ပါတယ်။
Trra Inn ကထွက်ခဲ့ပြီး ကျွန်တော်တို့ရဲ့ နောက်ခရီးစဉ်က မိတ္ထီလာကို ဖြစ်ပါတယ်။ ကျွန်တော့်အစ်ကို ဦးသန်းဌေးက (က.ည.န) ဦးစီးမှူးအဖြစ် မိတ္ထီလာ မှာ ရှိနေလို့ပါ။ မိတ္ထီလာ (က.ည.န) ယာဉ်စစ်ဌာန အင်ဂျင်နီယာ ဦးကြည်သောင်း က မုန်တိုင်ဆည်ကို လိုက်ပို့ပေးလို့ ဆည်ထဲမှာ ရေကူးခဲ့ကြပါတယ်။
ဆရာနိုးက “ဟိုဘက်ကမ်းကူးရအောင်”တဲ့၊ စစ်ကိုင်းသား ငယ်ဘဝက ဧရာဝတီမှာ ပျော်ပျော်ကြီးကူးခဲ့တာ သတိရသွားဟန်ရှိပါတယ်။ ကျွန်တော်ကလည်း ‘ကူးကြတာပေါ့ဆိုပြီး စကူးသွားပါတော့တယ်။ အတော်ကြာတော့ ဆရာနိုးအော်သံ ကြားလို့ လှည့်ကြည့်လိုက်တော့ ကိုကြည်သောင်းတို့က ဝါးလုံးရှည်ကြီးပေးပြီးကမ်းဘက်ကို ဆွဲခေါ်နေကြတာ မြင်ရပါတယ်။ သူ့အတွက် စိတ်အေးရပြီမို ကျွန်တော်ဆက်ကူးခဲ့ပြီး မုန်တိုင်ဆည်တစ်ဖက်ကမ်းကို အောင်မြင်စွာ ကူးနိုင်ခဲ့ပါ တယ်။ ရန်ကုန်ရောက်ကတည်းက ရေနဲ့အဆက်ပြတ်နေတာ တစ်ကြောင်း၊ အသက် ကြီးတာ တစ်ကြောင်း ရေမကူးနိုင်တော့တာ ဖြစ်ပါတယ်။
ဆရာနိုးဟာ မိတ်သစ်ဆွေသစ်ကို ရုတ်တရက် လက်မခံတတ်ပါဘူး။ ခင်မင် ပြီးသူများနဲ့ပဲ နေလေ့ရှိပါတယ်။ ခရီးထွက်တာ၊ တောင်တက်တာ ဝါသနာပါပါ တယ်။ တပည့်များကို စာသင်ရာမှာ စိတ်ပါလက်ပါ သင်ကြားလေ့ရှိပါတယ်။ ဆရာတင်မိုး ဦးဆောင်မှုနဲ့ မြောက်ဥက္ကလာမှာ “ဒို့ကျောင်းသား အလွတ်ပညာသင် ကျောင်း” ကျွန်တော်တို့ ဖွင့်ဖြစ်ခဲ့ပါတယ်။ အဲဒီကျောင်းမှာ ဆရာနိုးက Gram- mar သင်ပြီး၊ ကျွန်တော်က Text သင်ပါတယ်။ ရန်ကုန် ပန်းဆိုးတန်းမှာဖွင့်တဲ့ “ကေသီပန်’ကျောင်းမှာလည်း ဆရာနိုးနဲ့ တွဲပြီး သင်ကြားခဲ့ရပါတယ်။
#ဆက်ရန်ရှိ