ဇန်နဝါရီလအတွက် ရည်ညွှန်းဆန်ဈေးနှုန်းများ ထုတ်ပြန်ရာတွင် ဆန်သစ်နှင့်ဆန်ဟောင်း နှစ်မျိုးလုံးအတွက် ဈေးနှုန်းထုတ်ပြန်ပေးခဲ့ပြီး ပြည်တွင်းစားဆန်အချို့ ဈေးနှုန်းအနည်းငယ်ကျဆင်း
ဇန်နဝါရီ ၈
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွက် သင့်တင့်မျှတသော ရည်ညွှန်းဆန်ဈေးနှုန်းများ ထုတ်ပြန်ရာတွင် မိုးစပါးပေါ်ပြီးချိန်ဖြစ်၍ ဆန်ဟောင်းနှင့်အသစ် နှစ်မျိုးလုံးအတွက် ထုတ်ပြန်ပေးခဲ့ပြီး ပြည်တွင်းစားဆန်အချို့ ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ရည်ညွှန်းဆန်းဈေးနှုန်းအရ သိရသည်။
၁၀၈ ပေါင်/ ၂၄ ပြည် ဆန်တစ်အိတ် ဈေးနှုန်းသတ်မှတ်ချက်အရ ပြည်ပတင်ပို့သည့် ဆန်ကြမ်းအုပ်စုများ (ဧည့်မထ/ ငစိန်) (ဆင်းသုခ၊ သီးထပ်ယဉ်၊ ရတနာတိုး၊ ငစိန် ရာကျော်၊ ကရင်မ၊ ထွန်းပု၊ GW-၁၁ ၊ စောရုပ်၊ ၇၄၇၊ သီးပု၊ ရွှေမန်း စသော ဧည့်မထ/ ငစိန် အုပ်စုဝင် ဆန်ကြမ်းများ)အတွက် ၂၅ မှတ်ဆန် တစ်အိတ် ကျပ် ၇၃,၀၀၀၊ ၂၅ မှတ်ဆန် ပြည်ပတင်ပို့မည့် ၅၀ ကီလိုဂရမ်တစ်အိတ် ကျပ် ၈၁,၀၀၀၊ ၁၅ မှတ်ဆန်တစ်အိတ် ကျပ် ၇၆,၀၀၀ ၊ ၁၅ မှတ်ဆန် ပြည်ပတင်ပို့မည့် ၅၀ ကီလိုဂရမ်တစ်အိတ် ကျပ် ၈၃,၀၀၀ ၊ ၁၀-၅ မှတ်ဆန် တစ်အိတ် ကျပ် ၇၈,၀၀၀ ၊ ၁၀-၅ မှတ်ဆန် ပြည်ပတင်ပို့မည့် ၅၀ ကီလိုဂရမ်တစ်အိတ် ကျပ် ၈၅,၀၀၀ သတ်မှတ်ထားသည်။
ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းစားသုံးမှုပါရှိသော အရည်သွေးအသင့်တင့်ရှိသော ဆန်အမျိုးအစား တစ်အိတ်ကို ကျပ် ၈၄,၀၀၀ သတ်မှတ်ထား၍ ယခင်လထက် ကျပ် ၁,၀၀၀ ကျဆင်းခဲ့သည်။ မြန်မာပြည်အောက်ပိုင်းမှ ထွက်ရှိသော စားသုံးမှုအရည်သွေးကောင်မွန်သည့် ပြည်တွင်းစားဆန် အမျိုးအစားများကိုလည်း တစ်အိတ် ကျပ် ၉၇,၀၀၀ နှင့် စားသုံးမှုအထူးကောင်းမွန်သော ဆန်းအမျိုးအစား (ဆန်အဟောင်း)များကိုမူ ကျပ် ၁၃၃,၀၀၀ ဖြင့် ယခင်လအတိုင်း သတ်မှတ်ခဲ့ပြီး ဆန်အသစ်အတွက် ကျပ် ၁၂၀,၀၀၀ သတ်မှတ်ထားသည်။
ပြည်တွင်း၌ စားသုံးမှုများသည့် ရွှေဘိုပေါ်ဆန်းဆန်အဟောာင်းများကို ကျပ် ၁၄၅,၀၀၀ မှ ကျပ် ၁၅၀,၀၀၀ ဖြင့် ယခင်လအတိုင်း သတ်မှတ်ထားသည်။ ရွှေဘိုပေါ်ဆန်းအသစ်များအတွက် ကျပ် ၁၃၅,၀၀ မှ ကျပ် ၁၃၀,၀၀၀ သတ်မှတ်ထား၍ ပေါ်ဆန်းဆန်အသစ်သည် အဟောင်းဈေးနှုန်းထက် ကျပ် ၁၅,၀၀၀ သက်သာမည်ဖြစ်သည်။
အလားတူ ဈေးအရောင်းစင်တာ (Super Market၊ Mini Market) များတွင် Consumer Packaging ဖြင့် ရောင်းချမှုအတွက် ဆန်ဈေးနှုန်းအားလုံးကိုလည်း နိုဝင်ဘာလအတိုင်း သတ်မှတ်ပေးထားသည်။ ထို့ကြောင့် ဈေးကွက်အတွင်းရောင်းချရာတွင် အထက်ဖော်ပြပါ သင့်တင့်မျှတသော ရည်ညွှန်းဈေးနှုန်းများအပေါ် ၈ ရာခိုင်နှုန်းထက်မပိုသော၊ ဝန်ဆောင်စရိတ် ၃ ရာခိုင်နှုန်းထက်မပိုသော၊ သယ်ယူသိုလှောင်စရိတ် ၄ ရာခိုင်နှုန်းထက်မပိုသော ထုတ်လုပ်သူအကျိုးအမြတ်တို့ဖြင့် တွက်ချက်ရောင်းချရန် သတိပေးထားသည်။
#သတင်းဟင်းလေးအိုးကြီး




