ဖိလစ်ပိုင်ဒုသမ္မတ ငွေကြေးအရှုပ်တော်ပုံနှင့် ရင်ဆိုင်ရ
မနီလာ၊ ဒီဇင်ဘာ ၂၇
ဖိလစ်ပိုင်ဒုသမ္မတ ဆာရာဒူတာတေး (Sara Duterte) သည် စွပ်စွဲပြစ်တင်သည့် တိုင်ကြားချက် ၃ ခုနှင့် ရင်ဆိုင်နေ ရကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ဆာရာဒူတာတေး၏ ရုံးဌာနများသည် လျှို့ဝှက်ရန်ပုံငွေများထဲမှ ဒေါ်လာ ၁၀ သန်းကျော်ကို လူသိများထင်ရှား သည့် မုန့်ဆိုင်များနှင့် စားသောက်ဆိုင် နာမည်များကို အသုံးပြုပြီး အမည်လွှဲများဖြင့် ငွေလွှဲခဲ့သည်ဆိုသည့် စွပ်စွဲမှုများကို တာဝန်ခံရန် ဆာရာဒူတာတေးက ငြင်းဆိုခဲ့သည်။
ထိုအရှုပ်တော်ပုံသည် အစိုးရ၏ အသုံးစရိတ်များနှင့် ပတ်သက်ပြီး ကြီးကြပ်မှု အားနည်းခြင်းနှင့် စိုးရိမ်စရာ ကောင်းသည့် အခြေအနေကို ပြသရာရောက်ခဲ့သည်။
ယခုလအတွင်း အရပ်ဖက် အဖွဲ့အစည်းများ၊ လက်ဝဲယိမ်း တက်ကြွလှုပ်ရှားသူများ၊ ခရစ်ယန်ဘုန်းတော်ကြီးများနှင့် ရှေ့နေများက တင်သွင်းသည့် စွပ်စွဲပြစ်တင်မှု တိုင်ကြားစာများတွင် ဆာရာဒူတာတေးသည် အမည်လွှဲများ အသုံးပြုပြီး ငွေလွှဲခဲ့သည့် ဖြစ်စဉ်များအတွက် တာဝန်ယူရန် ငြင်းပယ်နေကြောင်း စွပ်စွဲခဲ့သည်။
ပြီးခဲ့သည့်လက နိုင်ငံတော် စာရင်းစစ်များ၏ ထုတ်ပြန်ချက်တွင် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်ကြား ဒုတိယသမ္မတရုံး (OVP) နှင့် ပညာရေးဝန်ကြီးဌာနတို့သည် လျှို့ဝှက်ရန်ပုံငွေ ဖိလစ်ပိုင် ပီဆို ၆၁၂ ဒသမ ၅ သန်း (ဒေါ်လာ ၁၀ ဒသမ ၅ သန်း) ကို သုံးစွဲခဲ့ကြောင်း ဖော်ပြခဲ့သည်။
ဆာရာဒူတာတေးသည် ယခုနှစ် ဇွန်လက ပညာရေးဝန်ကြီးဌာန၏ ဝန်ကြီးရာထူးမှ နုတ်ထွက်ခဲ့သည်။
ထိုရုံး ၂ ရုံးစလုံးက ရာနှင့်ချီသည့် လူများကို များပြားသည့် ချက်လက်မှတ်များ ထုတ်ပေးခဲ့ပြီး နောက်ပိုင်းတွင် လူတစ်ဦးချင်းစီ၏ အမည်များကို အသုံးပြုပြီး လက်မှတ် ရေးထိုးထားသည့် ငွေရရှိကြောင်း ပြေစာ အထောက်အထားများကို ထုတ်ပြန်ခဲ့သည်။
သို့သော် ထိုပြေစာများထဲတွင် ပါဝင်သည့် လူနာမည်များမှာ မုန့်ဆိုင်များနှင့် စားသောက်ဆိုင် နာမည်များဖြင့် ဆင်တူနေသဖြင့် လွှတ်တော်စုံစမ်းစစ်ဆေးသူများက မေးခွန်းထုတ်နေကြသည်။
ဥပမာအားဖြင့် ဆာရာဒူတာတေး၏ ရုံးများက ထုတ်ပြန်ခဲ့သည့် ပြေစာများတွင် ငွေလက်ခံရရှိသူ တစ်ဦးဖြစ်သည့် မေရီဂရေ့စ် (Mary Grace) ဆိုသည့် အမည်သည် ဖိလစ်ပိုင်တွင် နာမည်ကြီးသည့် ကော်ဖီဆိုင် အမည်ဖြစ်သည်။
ထို့ပြင် Piattos ဆိုသည့် လူအမည်သည် ဖိလစ်ပိုင်၏ အာလူးကြော် အမှတ်တံဆိပ်ဖြစ်ကာ ထိုအမည်ဖြင့် ဆေးဝါးများ ဝယ်ယူမှုအတွက် ပီဆို ၇၀,၀၀၀ လွှဲပေးထားသည်ကို တွေ့ရသည်။
ထို့ပြင် ချစ်ပီ မက်ဒေါ်နယ် (Chippy McDonald) ၊ ကားလို့စ် မီဂူရယ် အိုအိရှီ (Carlos Miguel Oishi ) ဆိုသည့် အမည်များသည် လူအမည်များထက် နာမည်ကြီး မုန့်များ၏ အမည်များနှင့် ပိုမိုဆင်တူနေသည်ဟုဆိုကာ ဝေဖန် သူများက ထောက်ပြခဲ့ကြသည်။
Source: South China Morning Post
ပုံ - ဆာရာဒူတာတေးကို တွေ့ရစဉ်
#centralnewsnaypyitaw
