16 w - Translate

~~~အမှတ်တရ ~~~ { ၉ } (ဇာတ်သိမ်းပိုင်း)
#ဂျူး
အခန်း -၉
ကားရပ်လိုက်သောအခါ ကျွန်မ ဖျတ်လတ်စွာ ဆင်းလိုက်ပြီး မောင့်လက်ကမ်း၍ တွဲပါသည်။ မောင်သည်ငူငူငိုင်ငိုင်ဖြင့် ဘာကိုမျှမယုံနိုင်သလို ကျွန်မ ဘေး၌ အရုပ်တစ်ခုလို ပါလာသည်။
“လာလေ .. အရင်ကတော့ မောင်က အိမ်ရှင် ၊ အခုတော့ ကျွန်မက အိမ်ရှင်ပေါ့”
မောင်သည် တွန့်ဆုတ်စွာ ကျွန်မ နောက်မှ လိုက်လာ၏။ တံတားဖြူကလေးပေါ် လျှောက်မိသောအခါ မောင့်မျက်နှာသည် ကျွန်မဘက်သို့ လုံး၀ မလှည့်ပါ။ လှည့်လျှင်လည်း တစ်စွန်းတစ်စ မီးရောင်ဖြင့် မောင့်မျက်နှာ အရိပ်အကဲကို ကျွန်မ မမြင်နိုင်ပါ။ ဘုရား .. ဘုရား ၊ ကယ်တော်မူပါ။ အစစ အရာရာ ချောမောစွာပြီးဆုံးသွားပါစေ ဘုရား ။
ခြံ၀င်းတံခါးကို ဖွင့်၍ ၀င်လိုက်သောအခါ မောင် ကျွန်မဘေးမှာ နီးကပ်စွာ ပါလာသည်။ ထို့နောက် အိမ်ပေါ် သို့ မောင်ကပင် အရင်တက်သည်။ အိမ်တံခါးအထက်မှ စုစုထွေး ဟူသော ကျွန်းသားဆိုင်းဘုတ်ပြားကလေးကို ဖျော့တော့သော အလင်းရောင်အောက်မှာ ဖတ်နေဟန် ရှိသည်။ သော့ဖွင့်ပြီး ၀င်လိုက်သောအခါ ကျွန်မ မောင့်ကို လက်တွဲ၍ ၀င်စေပါသည်။ ဖန်ချောင်းမီးရောင် ဖျတ်ခနဲ လင်းသွားသောအခါ မောင့်မျက်နှာကို ကျွန်မ လှမ်းကြည့်တော့ မောင် အံ့သြတုန်လှုပ်စွာ ရပ်တန့်နေသည်ကို မြင်ရသည်။
စေ့ထားသော အခန်းတံခါးအထက်မှ မောင့်နာမည် ဆိုင်းဘုတ်ကလေးကို မြင်သွားသောအခါ မောင် မျက်နှာပျက်ပြန်၏။
“၀င်ထိုင်ပါ မောင် ၊ မောင့်အတွက် ကျွန်မ ကော်ဖီဖျော်ပေးမယ် ၊ ရော့ … ဒီလက်ပွေ့အိတ်ယူသွား”
မောင်သည် အခန်းတံခါးကို အန္တရာယ်ရှိသော ပစ္စည်းတစ်ခုကဲ့သို့ တွန့်ဆုတ်စဉ်းစားစွာ ကိုင်၍ တွန်းဖွင့်သွား၏။
မောင်နှင့် ပတ်သက်သော အမှားများတွင် ဤတစ်ကြိမ်သည် အမှားဆုံး ဖြစ်ပါလိမ့်မည်။ သို့သော် ကျွန်မ မောင့်ကို ဖျားနေလျက်နှင့် ပစ်စလတ်ခတ် မထားခဲ့နိုင်ပြန်ပါ။
ကော်ဖီကို မောင့်အကြိုက် ချိုခါးဖျော်၏ ။ ပေါင်မုန့်ကိုတော့ မောင် မစားစေလိုပါ။ အဖျားပိုတက်လိမ့်မည်။ သောက်ရေဖန်ခွက်ထဲမှာ ရေအနည်းငယ် ထည့်လျှက် ကော်ဖီပန်းကန်ကို လက်တစ်ဘက်က ကိုင်လျှက် အခန်းတွင်း ၀င်မိတော့ မောင် ယခုတိုင်မတ်တပ်ရပ်ဆဲတည်း မောင့်မျက်လုံးများမှာ စားပွဲပေါ်မှ မောင့်ဓာတ်ပုံရှိရာသို့ စူးစိုက်နေကြ၏။
“ထိုင်လေ မောင် ၊ ဒီမှာ ကော်ဖီ ၊ဒီမှာ ရေခွက် ၊ ပေး ဆေးတွေ”
ကျွန်မ ဘာမှမဖြစ်ဟန်ဆောင်၍ မောင့်ကို ကုလားထိုင်မှာ ထိုင်စေပါသည်။ မောင်က ငြိမ်သက်စွာ ထိုင်ချလိုက်၏။ မောင် မြင်မှာပေါ့။ ဂစ်တာရယ် ၊ မောင့် ဓာတ်ပုံရယ် ၊ စားပွဲပေါ်မှ ဖဲချပ် အဟောင်းလေးများရယ် .. ။
မောင့်မျက်နှာမှာ အံ့သြခြင်း ၊ မယုံနိုင်ခြင်း ၊ ကြေကွဲခြင်းများအပြင် သနား ကြင်နာခြင်းပါ ရောယှက်နေသည်ဟု ထင်ပြန်၏။ ကျွန်မ ကော်ဖီ ပန်းကန်ကို မှုတ်ပေးနေမိသည်။ မောင် .. ကျွန်မကို လုံး၀ မကြည့်ပါ။ အမ်ပီဆီလင် ဆေးတောင့်လေး ဖောက်ပေးသောအခါ မောင်သည် စက်ရုပ်တစ်ခုကဲ့သို့ ယူ၍ သောက်၏။

#ဆက်ရန်ရှိ

image