Part_6
မောင်သာနိုးဘာသာပြန်တဲ့ ဘောင်းဘီဝတ်မိုးတိမ်
မာရီယာရဲ့ ခန္ဓာကိုယ်လေး သက်သက်ကိုသာ ချစ်တယ်လို့ ဆိုလိုက်ပေမဲ့ ရမ္မက်သက်သက် မဟုတ်ပါဘူး။ တိုက်ပွဲမှာ ခြေထောက်တစ်ချောင်း ပြတ်ခဲ့ရတဲ့ စစ်သားဟာ ကျန်ခြေထောက်တစ်ချောင်းအပေါ်မှာ ဘဝကြီးတစ်ခုလုံး တည်မှီ နေရတော့မယ်ဆိုတဲ့ သဘောမျိုး။ ဘဝလုံးပုံပြီးချစ်တဲ့ အချစ်ကို ‘ခြေတစ်ဖက်ပြတ်' နိမိတ်ပုံနဲ့ တင်စားပြီးသုံးလိုက်တာကတော့ တော်လှန်ရေးမုန်တိုင်း ခရီးကြမ်းထဲ ဖြတ်သန်းခဲ့ရတဲ့ ကဗျာဆရာတစ်ယောက် ပီသပါပေတယ်။
ဒါပေမဲ့ ဒီနိမိတ်ပုံကို မာယာကော့ဖ်စကီး အလွယ်တကူနဲ့ ရခဲ့တာမဟုတ်ပါ ဘူး။ နှစ်ရက်လုံးလုံး မနားမနေစဉ်းစားပြီးမှ ရခဲ့တာပါ။
‘ကဗျာ ဘယ်လိုရေးသလဲ’ဆိုတဲ့ မာယာကော့ဖ်စကီးရဲ့ ဆောင်းပါးတစ်ပုဒ် မှာ..
“အထီးကျန် လူတစ်ယောက်က သူ မြတ်နိုးတဲ့ မိန်းမပျိုအပေါ် ထားအပ်တဲ့ သူ့ကြင်နာမှုကိုဖော်ပြဖို့ အကောင်းဆုံးနည်းလမ်း ရှာလိုက်တာ နှစ်ရက်တိုင်ပါ
လေရော...
တတိယည ခေါင်းခဲပြီး အိပ်ရာဝင်ခဲ့ရတယ်။ ဘာမှ မရဘူး။ သန်းခေါင်ယံကျတော့ ဖျတ်ခနဲ ဒီ ပါဒပိုဒ်ကို ရတယ်။
‘မင့်ကိုယ်ခန္ဓာကို
ငါ စောင့်ရှောက်မယ် - ချစ်မယ်၊
စစ်ပွဲမှာ
ကျိုးပြတ်ခဲ့ရတဲ့၊ လိုသူ မဲ့တဲ့
ပိုင်သူ မဲ့တဲ့
စစ်သားဟာ
သူ့ရဲ့ တစ်ချောင်းတည်း ခြေထောက်ကို
စောင့်ရှောက်သလိုမျိုး
ဒီတွင် နိုးတစ်ဝက်နဲ့ ကျွန်တော် ထခုန်တယ်။ အမှောင်ထဲမှာ စမ်းတဝါးဝါးနဲ့ စီးကရက်ဘူးခွံပေါ် မီးခြစ်ဆံ ခေါင်းကျွမ်းနဲ့ 'ခြေတစ်ချောင်း’လို့ ရေးမှတ်ပြီး တစ်ခါ အိပ်ပျော်သွားပြန်တယ်။ မနက်လင်းတော့ ဘာခြေထောက်လဲ၊ ဒီခြေထောက် ကို ဘယ်လိုရေးမိတာလဲဆိုတာကို ပြန်ပေါ်အောင် စဉ်းစားတာကိုက နှစ်နာရီ ကြာသွားပါတယ်တဲ့။
#ဆက်ရန်ရှိ