ရုရှားရဲ့ခရစ္စမတ်နေ့တိုက်ခိုက်မှု “လူမဆန်တဲ့ ခရစ္စမတ်နေ့ရက် တိုက်ခိုက်မှု” လို့ ဇီလန်စကီးပြော
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၆
ခရစ္စမတ်နေ့ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ယူကရိန်းကို ရုရှားက ဒုံးကျည်တွေ၊ ဒရုန်းတွေ အမြောက်အမြားနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် “လူမဆန်တဲ့ ခရစ္စမတ်နေ့ရက် တိုက်ခိုက်မှု” လို့ ယူကရိန်းသမ္မတ ဗလာဒီမာဇီလန်စကီးက ပြောကြားလိုက်ပါတယ်။
ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ရတဲ့အတွက် ယူကရိန်းပြည် သူအများအပြား လျှပ်စစ်မီးနဲ့ အနွေးဓာတ်မရှိဘဲ အေးခဲလှတဲ့ ယူကရိန်းဆောင်းညမှာ ခရစ္စမတ်ပွဲတော်ကိုဆင်နွှဲခဲ့ရပါ တယ်။
“ဒီကနေ့ ပူတင်ဟာ ခရစ္စမတ်ကာလကို ရွေးပြီး တိုက်ခိုက်ခဲ့တယ်။ ဒီ့ထက်လူမဆန်တာ ရှိဦးမလား။ ရုရှားတိုက်ခိုက်မှု မှန်သမျှ ကြိုတင်ပြင်ဆင် အချိန်ယူတိုက်ခိုက်ခဲ့တာချည်းပါပဲ။ ဘယ်တော့မှ လက်တန်း လုပ်ခဲ့တာမျိုးမရှိဘူး။ အခုတိုက် ခိုက်မှုက ပစ်မှတ်တွေတင်မကဘူး အချိန်ကိုပါ စနစ်တကျရွေးချယ် တိုက်ခိုက်ခဲ့တာဖြစ်တယ်။” လို့ ဇီလန်စကီးက X လူမှုကွန်ရက်မှာ တင်ထားပါတယ်။
ရုရှားဘက်က ဒုံးကျည်အစင်းရေ ၇၀ ကျော်နဲ့ ဒရုန်း ရာကျော်စေလွှတ်ပြီး ယူကရိန်းစွမ်းအင်အခြေခံ အဆောက်အအုံတွေ ကို တိုက်ခိုက်ခဲ့ရာ ဒုံးကျည်အစင်း ၅၀ ကျော်နဲ့ ဒရုန်း အများအပြားကို ယူကရိန်းတပ်တွေက ပစ်ချနိုင်ခဲ့ကြောင်း ၎င်းက ပြောပါတယ်။
စွမ်းအင်အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့အတွက် ကိယက်ဗ်အပါအဝင် ဒေသလေးငါးခုမှာ လျှပ်စစ်မီးတွေ ပြတ်တောက်သွားခဲ့ကြောင်း၊ ရုရှားတပ်တွေဟာ ယူကရိန်းနိုင်ငံ အမှောင်ဖုံးသွားအောင် ဆက်လက်တိုက် ခိုက်နေကြောင်းလည်း ဇီလန်စကီးက ပြောပါတယ်။
“ရုရှားလူယုတ်မာတွေဟာ ယူကရိန်းနိုင်ငံကို ဖြိုခွဲနိုင်မှာ မဟုတ်သလို ခရစ္စမတ်ပွဲတော်ကိုလည်း ဖျက်ဆီးနိုင်မှာ မဟုတ် ပါဘူး။” လို့ ၎င်းက ပြောပါတယ်။ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပြောကြားပါတယ်။
“ဒီကနေ့မနက်မှာ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးအတွက် ထောက်ပံ့ပေးနေတဲ့ ယူကရိန်းနိုင်ငံက အရေးကြီးတဲ့စွမ်း အင်အခြေခံအဆောက်အအုံတွေကို တာဝေးပစ်ဒုံးကျည်တွေ၊ တိုက်ခိုက်ရေးဒရုန်းတွေ အသုံးပြုပြီး ရုရှားတပ်မတော်က ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပါတယ်။” လို့ ဝန်ကြီးဌာနက တယ်လီဂရမ်တင်ထားပါတယ်။
“စစ်ဆင်ရေးရည်မှန်းချက်ကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါတယ်။ သတ်မှတ် ပစ်မှတ်တွေအားလုံးကို တိုက်ခိုက်ဖျက် ဆီးနိုင်ခဲ့ပါတယ်။” လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
Ref: Russia launches massive Christmas Day attack on Ukraine: NBC News
#သတင်းဟင်းလေးအိုးကြီး


