ထိုင်ဝမ်အတွက် စစ်ရေးအကူအညီ ဒေါ်လာ ၅၇၁ သန်း အမေရိကန်ပေးအပ်မှု တရုတ်ဝေဖန်

ဒီဇင်ဘာ ၂၂

ထိုင်ဝမ်ကို အမေရိကန်က စစ်ရေးအကူအညီအဖြစ် ဒေါ်လာ ၅၇၁ သန်းထောက်ပံ့မှုဟာ တရုတ်နိုင်ငံရဲ့ တပြည်ထောင်မူဝါဒနဲ့ အမေရိကန်-တရုတ် ယခင်သဘောတူညီချက်တွေကို ချိုးဖောက်လိုက်တာလို့ တရုတ်နိုင်ငံက ဒီကနေ့မှာ ဝေဖန်ပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်ဖို့ လိုအပ်တဲ့အစီအမံအားလုံးကို လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။ တရုတ်-အမေရိကန် ဆက်ဆံရေးမှာ ထိုင်ဝမ်ဟာ မျဉ်းနီဖြစ်ပြီး ဒီလိုင်းကိုမဖြတ်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်ပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာပြောဆိုထားပြီး လိုအပ်ရင် စစ်ရေးအင်အားသုံးမယ်လို့ ဆိုထားကာ မကြာသေးမီနှစ်များအတွင် ကျွန်းအနီးမှာ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်ပြီး ထိုင်ဝမ်ကို ဖိအားတွေ ပေးနေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ဂျပန်တောင်ပိုင်း ကျွန်းတွေအနီးကနေ တောင်တရုတ်ပင်လယ်ထိ တရုတ်စစ်တပ်က စစ်သင်္ဘော အစင်း ၉၀ ဖြန့်ကြက်ပြီး စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ ထိုင်ဝမ်သမ္မတ လိုင်ချင်းတီရဲ့ အမေရိကန်မှာ တထောက်နားတာအပါအဝင် ပစိတ်ဖိတ်ခရီးစဉ်အပေါ် တုံ့ပြန်တာဖြစ်ပါတယ်။

ထိုင်ဝမ်အတွက် စစ်ရေးအကူအညီ ဒေါ်လာ ၅၇၁ သန်းကို ရာထူးကနေ ထွက်ခွာတော့မယ့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြီးခဲ့နေ့က အတည်ပြုခဲ့တာဖြစ်ပါတယ်။ အမေရိကန်နဲ့ ထိုင်ဝမ်တို့အကြား တရားဝင်သံတမန်ဆက်ဆံရေး မရှိပေမယ့် အမေရိကန်ဟာ အဓိကလက်နက်ထောက်ပံ့သူဖြစ်ပါတယ်။

Ref:Reuters
Photo:AFP

#သတင်းဟင်းလေးအိုးကြီး

image