အဖက်ဖက်မှ ထိုးနှက်တိုက်ခိုက်နေမှုများအပေါ် ပြည်သူလူထု၊ အစိုးရ၊ တပ်မတော်တို့၏ ပေါင်းစည်းအား၊ ညီညွတ်သောစိတ်ဓာတ်တို့ဖြင့်ကာကွယ်ရန် နစကဥက္ကဋ္ဌပြောကြား
နေပြည်တော်၊ ဒီဇင်ဘာ ၂၁
ထိုကဲ့သို့အဖက်ဖက်မှ ထိုးနှက်တိုက်ခိုက်နေမှုများအပေါ် ပြည်သူလူထု၊ အစိုးရ၊ တပ်မတော်တို့၏ ပေါင်းစည်းအား၊ ညီညွတ်သောစိတ်ဓာတ်တို့ဖြင့် ကာကွယ်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အမိမြန်မာနိုင်ငံတော်အတွင်း စုပေါင်းနေထိုင်ကြသည့် နိုင်ငံသားတိုင်းသည် မိမိတို့ ကဏ္ဍအလိုက်ကျရာတာဝန်များကို နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် ထမ်း ဆောင်နေကြသူများဖြစ်ကြကြောင်း၊ နိုင်ငံသူနိုင်ငံသားတိုင်း၏ တိုင်းချစ်ပြည်ချစ်စိတ်ကို ယခုနေရာမှ အလေးထားအသိအမှတ်ပြုကြောင်း၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အနိုင်ရရှိသည့်အခါ၌ မိမိနိုင်ငံ၏ အလံနှင့် နိုင်ငံတော်သီချင်းလွှင့်တင်ပြီး နိုင်ငံတကာအလယ်တွင်ဂုဏ်ပြုခံရခြင်းထက် ဂုဏ်ယူဖွယ်၊ ဝမ်း မြောက်ဖွယ်ကောင်းသည်မှာမရှိကြောင်း၊ အားကစားနှင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်နေ ခြင်းဖြစ်ကြောင်း၊ မြန်မာဟူသည့်စိတ်ကိုနိုးထစေပြီး နိုင်ငံကိုကာကွယ်နေခြင်းပင်ဖြစ်ကြောင်း ပြောသည်။
ယနေ့အချိန်အခါတွင် မိမိတို့နိုင်ငံသည် ပြည်တွင်း၊ ပြည်ပအန္တရာယ်များ၊ ဝင်ရောက်စွက်ဖက်မှုများဖြင့် ကြုံတွေ့နေရချိန်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသာမက မဟာဗျူဟာအချက်အချာကျသည့် ကမ္ဘာ့နိုင်ငံငယ် အများစုသည်လည်း ယင်းအခြေအနေနှင့် ကြုံနေရကြောင်း၊ ထိုကဲ့သို့အဖက်ဖက်မှ ထိုးနှက်တိုက်ခိုက်နေ မှုများအပေါ် ပြည်သူလူထု၊ အစိုးရ၊ တပ်မတော်တို့၏ ပေါင်းစည်းအား၊ ညီညွတ်သောစိတ်ဓာတ်တို့ဖြင့် ကာကွယ်ရန်လိုကြောင်း၊ အထူးအလေးအနက်ထားပြောကြားလိုသည်မှာ ထိုကဲ့သို့ အခက်အခဲများအကြား နိုင်ငံ၏နေရာဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၏ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် တာဝန်ထမ်းဆောင်နေမှုများကို အသိအမှတ်ပြု ဂုဏ်ပြုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့်၊ အမျိုးသား ရေးကြံ့ခိုင်မှုနှင့် စိတ်ဓာတ်ခွန်အားကိုတိုးတက်စေမည့် ယခုအမျိုးသားအားကစား ပွဲတော်ကြီးကို ယခုကဲ့သို့ကျင်းပနိုင်၊ စုစည်းနိုင်ခဲ့ခြင်းမှာလည်း မိမိတို့နိုင်ငံကို လုံခြုံ အောင်ကာကွယ်ပေးနေသည့် သူရဲကောင်းများရှိနေခြင်း ကြောင့်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး၊ မိမိတို့ ပြည်သူများကိုကာကွယ်ရင်း အသက်ပေးလှူ ကျဆုံးသွားခဲ့ရသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်မှု ထမ်းအဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ အခြားနိုင်ငံ့သားကောင်းများအားလုံးကို အထူးအလေးထား ဦးညွတ်ဂုဏ်ပြုမှတ်တမ်းတင်ကြောင်းဖြင့် ပြောကြားခဲ့သည်။
#သတင်းဟင်းလေးအိုးကြီး


