ထိုင်းဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရ ဆန္ဒရှိဟု ပီတာပြော

တိုကျို၊ ဒီဇင်ဘာ ၂၀

ထိုင်းနိုင်ငံ၏ အကြီးဆုံး အတိုက်အခံပါတီ ခေါင်းဆောင်ဟောင်း ပီတာလင်မ်ဂျာရွန်ရတ် (Pita Limjaroenrat) က တစ်နေ့နေ့တွင် ထိုင်းဝန်ကြီးချုပ်ရာထူး နေရာအတွက် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

"နိုင်ငံရေး ပြန်လှုပ်ရှားနိုင်မယ့် အချိန်ကို စောင့်နေပါတယ်။ တကယ်လို့ ပါတီရဲ့ ထောက်ခံမှုနဲ့ လူထုရဲ့ ထောက်ခံမှု ကို ရမယ်ဆိုရင် ကျနော် ထိုင်းဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းအဖြစ် နောက်တစ်ကြိမ် ထပ်ပြီး ကြိုးစားသွား မှာပါ" ဟု ပီတာက ပြောကြားခဲ့သည်။

"ဒါက ကျနော့်ရဲ့ ကိုယ်ရေးကိုယ်တာ ရွေးချယ်မှု မဟုတ်ပါဘူး။ အင်စတီကျူးရှင်းနဲ့ ဆိုင်တဲ့ ရွေးချယ်မှု ဖြစ်ပါတယ်”ဟု ပီတာက ဒီဇင်ဘာ ၁၇ ရက်က ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်တွင် ပြုလုပ်သည့် ဟောပြောပွဲ အတွင်း သတင်းများနှင့်တွေ့ဆုံချိန် ပြောကြားခဲ့သည်။

ပီတာသည် ၂၀၂၃ ရွေးကောက်ပွဲတွင် MFP ပါတီကို ဦးဆောင်ကာ မဲအများစု အနိုင်ရရှိခဲ့သော်လည်း အထက် လွှတ်တော်ရှိ ကွန်ဆာဗေးတစ် အင်အားစု၏ တားမြစ်ပိတ်ပင်မှုကြောင့် ဝန်ကြီးချုပ် မဖြစ်ခဲ့ဘဲ MFP သည် အတိုက်အခံအဖြစ်သာ ရပ်တည်ခဲ့ရသည်။

ဩဂုတ်လက Move Forward ပါတီ (MFP) ခေါင်းဆောင်ဟောင်း ပီတာနှင့် ပါတီအလုပ်အမှုဆောင် ၁၁ ဦးသည် နိုင်ငံရေးလှုပ်ရှားခွင့် ၁၀ နှစ်ကြာ ပိတ်ပင်ခံထားရပြီး MFP ပါတီလည်း ဖျက်သိမ်းခံခဲ့ရသည်။

MFP သည် တော်ဝင်မိသားစုအား ကာကွယ်ပေးထားသည့် တော်ဝင်အသရေဖျက်မှုဥပဒေကို ပြုပြင်ပြောင်းလဲ မည်ဆိုသည့် မဲဆွယ် ကတိကဝတ်သည် အခြေခံဥပဒေကို ချိုးဖောက်ကြောင်း အခြေခံဥပဒေဆိုင်ရာခုံရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် ပါတီကို ဖျက်သိမ်းရန် စီရင်ချက်ချခဲ့ခြင်းဖြစ်သည်။

သို့သော် MFP ၏ လွှတ်တော်အမတ် ၁၄၃ ဦးသည် လွှတ်တော်တွင် ၎င်းတို့၏ နေရာများကို ဆက်လက် ထိန်းသိမ်း နိုင်ခဲ့ပြီး ပြည်သူ့ပါတီ အမည်ရှိ ပါတီသစ်တစ်ခု ပြောင်းလဲထူထောင်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်ကလည်း MFP ၏ နောင်တော်ပါတီဖြစ်သည့် Future Forward ပါတီသည် (FFP) ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်မှုဖြင့် ဖျက်သိမ်းခံခဲ့ရပြီးနောက် FFP ပါတီဝင်များသည် MFP အမည်ဖြင့် ပါတီသစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

Source: Nikkei Asia

ပုံ - ပီတာလင်မ်ဂျာရွန်ရတ်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image