Frankie shared a post  
18 w

18 w

Part-1
ဒီမိုကရေစီ ဟူသည် (၁)
ဒီမိုကရေစီဟူသည်ကား ပြည်သူ့အုပ်စိုးမှု ဖြစ်သည်။
ဒီမိုကရေစီနိုင်ငံများတွင် အချုပ်အခြာ အာဏာကိုပြည်သူတို့ပိုင်ဆိုင်၍၊ ပြည်သူသည် အစိုးရနှင့် လွှတ်တော်တို့၏ အထက်တွင် ရှိသည်။
ဒီမိုကရေစီနိုင်ငံ တစ်ခုနှင့်တစ်ခုကြား မသိမသာ အသွင်ကွဲမှုများရှိတာ မှန်သော်လည်း ဒီမိုကရေစီနိုင်ငံတိုင်းမှာပင် အောက်တွင် ဖော်ပြသည့် နိုင်ငံရေးစနစ် (မူဝါဒ)များနှင့် လက်တွေ့လုပ်ဆောင်ပုံများ တွေ့ရှိရမည် ဖြစ်သည်။
၁။ ဒီမိုကရေစီ နိုင်ငံများတွင် နိုင်ငံသားတို့သည် တိုက်ရိုက်နည်းဖြင့် လည်းကောင်း၊ ကိုယ်စားလှယ်များမှတစ်ဆင့် လည်းကောင်း၊ နိုင်ငံရေး အာဏာကို ကျင့်သုံးကြသကဲ့သို့၊ ရပ်ရေးရွာရေး နိုင်ငံရေးဆိုင်ရာ ပြည်သူ့ ဝတ္တရားများကိုလည်း ထမ်းဆောင်ကြသည်။
၂။ ဒီမိုကရေစီနိုင်ငံတွင် လူသား၏ လွတ်လပ်ခွင့်များကို ကာကွယ် စောင့်ရှောက်သည့် မူဝါဒများ ချမှတ်ထားပြီး၊ ၎င်းအတိုင်း လက်တွေ့ ဆောင်ရွက်သည်။ တစ်နည်းပြောသော် လွတ်လပ်ခွင့်ကို လူ့အဖွဲ့အစည်း၏ အမှတ်လက္ခဏာတစ်ရပ်ဖြစ်အောင် ထုံးဓလေ့ အစဉ်အလာများအားဖြင့် အခိုင်အမာပြုခြင်း ဖြစ်သည်။
၃။ ဒီမိုကရေစီသည်လူများစုအုပ်စိုးမှုနှင့် လူနည်းစု သို့မဟုတ် လူတစ်ဦးချင်း တို့၏ အခွင့်အရေးကို အသိအမှတ်ပြုမှုတို့ တွဲဖက်ထားသော စနစ်ဖြစ်သည်။ ဒီမိုကရေစီ နိုင်ငံတိုင်းတွင် အများစု၏ ဆန္ဒကို အလေးထားသည်။ သို့သော် လူနည်းစု သို့မဟုတ် လူတစ်ဦးချင်းတို့၏ အခြေခံ အခွင့်အရေးများကိုလည်း အခိုင်အမာ ကာကွယ်စောင့်ရှောက်သည်။
၄။ ဒီမိုကရေစီနိုင်ငံများတွင် အာဏာကို ဗဟိုအစိုးရ တစ်ခုတည်း လက်တွင် စုစည်းမထားဘဲ ဒေသန္တရများသို့ ဖြန့်ခွဲပေးနိုင်အောင် သတိပြု လုပ်ဆောင် ကြသည်။ ဒေသန္တရ အစိုးရများသည်လည်း ပြည်သူတို့ အလှမ်းမီ ထိတွေ့ နိုင်ပြီး၊ ပြည်သူ့သဘောဆန္ဒကို အလေးထား ဆောင်ရွက်ကြရသော သဘောရှိသည်။
၅။ ဒီမိုကရေစီအစိုးရများအနေနှင့် အခြေခံ လူ့အခွင့်အရေးများဖြစ်သော လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ ဥပဒေ၏ ကာကွယ် စောင့်ရှောက်မှုကို တန်းတူညီမျှ ရရှိခွင့်၊ နိုင်ငံရေး စီးပွားရေး ယဉ်ကျေးမှု ရေးရာများနှင့် စပ်လျဉ်း၍ စည်းရုံးဆော်သြခွင့်၊ ပါဝင်ဆောင်ရွက်ခွင့် စသည်တို့အား ကာကွယ်စောင့်ရှောက်ဖို့သည် မိမိတို့၏ အရေးကြီးသော တာဝန်တစ်ရပ်ဖြစ်ကြောင်း ကောင်းစွာ သိမှတ်ကြသည်။

#ဆက်ရန်ရှိ