လူမှုကူညီရေးအသင်းတွေ တရားဝင် မှတ်ပုံတင်ခြင်း ရှိမရှိ စစ်ဆေးမှုတွေလုပ်နေပြီ
ဒီဇင်ဘာ ၁၉
လူမှုကူညီရေး အသင်းအဖွဲ့အစည်းတွေအနေနဲ့ တရားဝင် မှတ်ပုံတင်ထားခြင်းရှိမရှိကို မြို့ဝင်မြို့ထွက် စစ်ဆေးရေး ဂိတ်တွေနဲ့ လမ်းစစ်ဆေးရေးဂိတ်တွေ မှာ တာဝန်ရှိသူတွေက စစ်ဆေးမှုပြုလုပ်နေပြီဖြစ်တယ်လို့သိရပါတယ် ။
ဒါကြောင့် မြို့ပြင် လူနာလမ်းကြောင်း ထွက်တဲ့အခါဖြစ်စေ ၊ ကူညီကယ်ဆယ်ရေးသွားမယ်ဆိုပါက သက်ဆိုင်ရာ လူမှုကူညီရေး အသင်းမှတ်ပုံတင်လိုင်စင်စာရွက်ကို ကားမှာကပ်ထားခြင်း၊ ကားပေါ်ဆောင်ထားကြဖို့ လိုအပ်တယ်လို့ ရန်ကုန်အခြေစိုက် လူမှုကူညီရေး အသင်းအဖွဲ့တခုမှပြောပါတယ်။
" လမ်းမှာစစ်ဆေးမှုတွေရှိနေပြီ။အသင်းမှတ်ပုံတင်အဓိကသူတို့တောင်းပါတယ်။မှတ်ပုံတင်လိုင်စင်ကို မိတ္တူပါကူးထားပါ။တကယ်လို့ မှတ်ပုံတင်လိုင်စင်ကသက်တမ်းကုန်နေရင် အခုက သက်တမ်းတိုးနေတယ်ဆိုပြီးပြောလို့ရပါသေးတယ်။ အဓိကအသင်းမှတ်ပုံတင်လိုင်စင်ပြနိုင်ဖို့လိုပါတယ်။" လို့ ယာဥ်စစ်ဆေးမှုခံခဲ့ရတဲ့ ရန်ကုန်အခြေစိုက်လူမှုကူညီရေးအသင်းအဖွဲ့ဝင်တယောက်က ပြောပါတယ်။
" အသင်းသက်တမ်းကုန်ချိန် မှတ်ပုံမတင်ရင်တော့ ပယ်ဖျက်ခံရမှာပါ။ ခုထိတော့အရေးယူတာ ဘာညာမရှိသေးဘူး။ နောက်ပိုင်းရှိလာနိုင်ပါတယ်။ကိုယ်က ဒီလူမှုရေးလုပ်ငန်းကိုအမှန်တကယ်လုပ်မယ့်သူ ဆိုရင် ဥပဒေအတိုင်းသွားရမှာပေါ့။" လို့ ပဲခူးတိုင်းအတွင်းရှိ မြို့နယ်ထွေအုပ်ရုံးတခုမှတာဝန်ရှိသူက ပြောပါတယ်။
အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပါ ပုဒ်မ ၃၃ အရတော့ မှတ်ပုံတင်လက်မှတ်မရှိဘဲ အသင်းအဖွဲ့ ဖွဲ့စည်းပြီး လုပ်ငန်းဆောင်ရွက်ပါက ထောင် သုံးနှစ်အထိချမှတ်နိုင်သလို ငွေဒဏ်အဖြစ် ကျပ် ၁၀ သိန်းထက်မပိုတဲ့ ငွေဒဏ် ကို ချမှတ်နိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် အသင်းအဖွဲ့ ဥပဒေ ပုဒ်မ ၃၄ နဲ့ ပုဒ်မ ၃၅ ပါ ပြဋ္ဌာန်းချက်အရ မှတ်ပုံတင်လက်မှတ် သက်တမ်းကျော်လွန်ခြင်း ၊မှတ်ပုံတင်လက်မှတ် ပယ်ဖျက်ပြီးနောက် အသင်းအဖွဲ့ကို ဆက်လက်ရပ်တည်ခြင်း မပြုရဆိုတဲ့ အချက်အပြင် မှတ်ပုံတင်လက်မှတ်မရှိတဲ့ အသင်းအဖွဲ့မှာ အသင်းဝင်အဖြစ် ပါဝင်ခြင်း ၊ ဆောင်ရွက်ခြင်း ၊အားပေးကူညီခြင်း ဒါမှမဟုတ် အယောင်ဆောင်ခြင်း မပြုရဆိုတဲ့ အချက်တွေကိုလည်း ပြဋ္ဌာန်းထားပါတယ်။
အဆိုပါ ပုဒ်မ နှစ်ခုပါ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်ပါကလည်း ငါးသိန်းထက်မပိုတဲ့ ငွေဒဏ်ချမှတ်နိုင်သလို ထောင်ဒဏ် နှစ်နှစ်အထိလည်း ချမှတ်ရနိုင်တယ်လို့သိရပါတယ်။
လက်ရှိမှာတော့ လူမှုကူညီရေး အသင်းအဖွဲ့အစည်းတွေအနေနဲ့ အသင်းမှတ်ပုံတင်ခြင်းနဲ့လိုင်စင်သက်တမ်းတိုး မယ်ဆိုရင် ShowMoney အဖြစ်သိန်း ၅၀၀ ပြသရမှာဖြစ်သလို တိုင်းဒေသကြီးနဲ့ပြည််နယ် အဆင့် အသင်းအဖွဲ့ မှတ်ပုံတင်လုပ်မယ်ဆိုပါက ShowMoney အဖြစ်သိန်း ၅၀၀ ပြသရမှာဖြစ်ကြောင်း ၊ မြို့နယ်အဆင့်၊ခရိုင်အဆင့် ၊ရပ်ကွက်အဆင့် အသင်းအဖွဲ့မှတ်ပုံတင်မယ်ဆိုပါကလည်း ၅ သိန်းကနေစပြီး သိန်း ၁၀၀ လောက်အထိ ပြသရတယ်လို့ သိရပါတယ်။
" ပြည်ထောင်စုအဆင့်၊တိုင်းအဆင့်ဆိုရင်တော့ ဘဏ်စာအုပ်ထဲမှာ သိန်းငါးရာပြရမယ်ဖြစ်သွားတယ်။ ပြရုံတင်မဟုတ်ဘဲ အဲဒီငွေက ပြန်ထုတ်သုံးလို့လည်းမရဘူး။ထုတ်ချင်ရင် သုံးပုံတပုံပဲရမယ်ပြောပါတယ်။ ဒါတော့အဆင်မပြေဘူး။ဒီငွေကိုအထိုင်အသေထားရမယ့်ပုံဖြစ်နေတယ်။ဒီငွေးငါးရာပြဖို့တောင် အသင်းတိုင်းမတတ်နိုင်ကြပါဘူး။ဆိုတော့ဗျာ တိုင်းအဆင့်မှတ်ပုံတင်ထားပြီး သက်တမ်းကုန်လို့ထပ်တိုးမယ်ဆိုရင် သိန်းငါးရာမရှိရင်အသင်းကပယ်ဖျက်ခံရမယ့်အခြေအနေပါ။သက်တမ်းကုန်တာကိုဆက်လုပ်လို့ မဖမ်းရင်ကောင်းတယ်။တကယ်လို့စစ်ဆေးဘာညာလုပ်လာရင် မှတ်ပုံတင် မရှိရင်ဖမ်းခံရမယ်။ လူတွေကူညီရင်းကနေ အဖမ်းခံရနိုင်တဲ့အခြေအနေဖြစ်နေတာဆိုတော့ တိုင်းအဆင့်အသင်းတွ ေလျော့သွားနိုင်တယ် ။" လို့ ရန်ကုန် အခြေစိုက် လူမှုကူညီရေးအသင်းအဖွဲ့ဝင်တယောက်ကပြောပါတယ်။
အသင်းအဖွဲ့မှတ်ပုံတင်တဲ့အခါ အသင်းနာမည်ရဲ့နောက်မှာ Group ၊ ကွန်ယက်နဲ့ ဟစ်တိုင်ဆိုတဲ့အသုံးအနူန်းတွေထည့်သွင်းမှတ်ပုံတင်ခွင့်မပြုဘူးလို့လည်းသိရပါတယ်။
" တရားဝင်စာထွက်တာတော့မဟုတ်ဘူး။မှတ်ပုံတင်မှပြောပြတာပါ။ ကျွန်တော်တို့မှတ်ပုံတင်တာ သိန်း၅၀တင်ရတယ်။ကျွန်နော်ကတော့မြို့နယ်အဆင့်ပဲတင်တာပါ။ ကျွန်တော် တို့အသင်းက နည်းနည်းကြီးလို့၅၀ တင်ပါဆိုပြီးပြောလို့တင်ရတယ်။တချို့အသင်းတွေ၂၅ သိန်းတင်ရတယ်။ထွေအုပ်မှာတင်ခဲ့ရတယ်။" လို့ နေပြည်တော်အခြေစိုက် လူမှုကူညီရေးအသင်းတခုမှ ပြောပါတယ်။
လူမှုကူညီရေး အသင်းအဖွဲ့တွေ မှတ်ပုံတင်တဲ့အခါ ငွေပြသရတဲ့ကိစ္စဟာ မြေပြင်မှာ ပရဟိတကိုပြပြီး လုပ်စားနေတဲ့လူမှုကူညီရေးအသင်းတွေအတွက် ထိရောက်တဲ့ကိုင်တွယ်မှုဖြစ်ပေမယ့် မြေပြင်မှာအမှန်တကယ် လုပ်ကိုင်နေပြီး အလှူငွေနဲ့ရပ်တည်ရတဲ့ အသင်းတွေအတွက်တော့ အခက်အခဲတွေရှိစေတယ်လို့လည်း သိရပါတယ်။
လူမှုကူညီရေးအသင်းတွေအနေနဲ့မှတ်ပုံတင်တဲ့အခါ နာရေးကူညီမှုနှင့်လူနာတင်ယာဥ်အတွက်ဆိုရင် ကျန်းမာရေး ဝန်ကြီးဌာနကိုတင်ရပြီး ကလေးသူငယ်နဲအမျိုးသမီးရေးရာကဏ္ဍဆိုရင် လူကယ်ပြန်ဝန်ကြီးဌာနကိုတင်ပြရပြီး အရေးပေါ်ကယ်ဆယ်ရေးနှင့်မီးဘေးရေဘေးအတွက်ဆိုရင်မီးသတ်ဦးစီးဌာနာကိုတင်ပြရကြောင်း၊မှတ်ပုံတင်ခြင်းအားလုံးကိုသက်ဆိုင်ရာထွေအုပ်ကိုတင်ပြရတယ်လို့ သိရပါတယ်။
Photo:CJ
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး
