18 ပတ် - ဘာသာပြန်ပါ။

အခန်း ၇ ဆက်ရန်>>>>
~~~ အမှတ်တရ ~~~{ ၇ }
ဂျူး
ကျွန်မအတွက် အဆိုးရွားဆုံးသော ကာလတစ်ခုသည် မကြာမီပင် ရောက်လာခဲ့၏။ တစ်ရက်ညနေ လေးနာရီ အချိန် မောင့်အိမ်သို့ ကျွန်မ ရောက်သွားသော အခါ သော့ခတ်ထားသော အိမ်တံခါးကို တွေ့ရသည် ။
ညနေတိုင်း ကျွန်မနှင့် မောင် ထမင်းအတူ မစားခဲ့သည်မှ ကျွန်မ စာမေးပွဲကျ၍ အပြင်ဘော်ဒါဆောင်ပြောင်းကတည်းကဖြစ်သည်။ သော့ခတ်ထားခြင်း အလွန်ရှားပါးသောကြောင့် ကျွန်မ စိတ်တွင် ထင့်သွား၏ ။ သို့သော် ကျွန်မတို့ တစ်ယောက်လျှင် သော့တစ်ချောင်းစီ ရှိသောကြောင့် အိမ်တံခါးကို သော့ဖြင့် ဖွင့်၀င်ရသည်မှာ ဤအကြိမ် သည် ပထမဆုံး မဟုတ်။ အခန်းထဲရောက်တော့ ဂစ်တာ ကြိုးများဖြင့် ညှပ်ထားသော စာတစ်စောင်။
“ချစ် …..
မောင်တို့မြို့က ဧည့်သည်တွေ ရောက်နေလို့ မောင်တွေ့ဖို့ ခဏ သွားတယ်။ မောင် ရှစ်နာရီ မတိုင်မီ ပြန်လာမယ် ။ ဒါပေမယ့် ထမင်းစားဖြစ်မယ် မထင်ဘူး ။ ချစ် စားနှင့်ပါ။ မောင် ပြန်လာမှ ချစ်ကို အိမ်ပြန်ပို့ပေးမယ်။
ချစ်ရဲ့ မောင် … ” တဲ့ ။
မောင်သည် ကျွန်မနှင့် ရင်းနှီးသည့် လေးငါးနှစ်ကာလအတွင်း ဧည့်သည်သွားကြို ပြန်ပို့ သွားတွေ့ ခြင်းဟူသော လောက၀တ္တရားများကို ဘယ်တုန်းကမျှ ပြုမှုဖူးသူမဟုတ်မှန်း ကျွန်မ သိသားပေါ့။ အဲဒီကတည်းက ကျွန်မ သိလိုက်ပြီ။
ဧည့်သည်မှာ သာမာန် ဧည့်သည် မဟုတ်နိုင်။
ကျွန်မ ရှက်လည်း ရှက် ၊ဒေါသလည်း ထွက်ပြီး ချက်ချင်း အိမ်ပြန်ဖို့ စိတ်ကူးလိုက်မိသေး၏။ သို့ပေမယ့် ကျွန်မ စိတ်ကို ပြန်ထိန်းလိုက်သည်။ ကောင်းပြီ တတ်နိုင်သမျှ မောင့်အလိုအတိုင်း ဖြစ်စေရမည်။ မောင်က စောင့်စေချင်သည် မဟုတ်လား ၊ ကျွန်မ စောင့်လိုက်ပါသည်။
ထိုညက မောင် ပြန်လာသောအခါ ရှစ်နာရီ ထိုးရန် ၁၅ မိနစ်ပင် လိုသေး၏။ မောင်သိပ်တော်ပါလား ။ မိန်းကလေးကို ဘယ်လိုများ နှစ်သိမ့်ထားပါလိမ့် ။ အင်းလေ ၊ မိန်းကလေး တစ်ဦးတည်း ဟုတ်ချင်မှ ဟုတ်မည် ။ မိဘ ဆွေမျိုးးပင် ပါချင်ပါလိမ့်မည်။
ကျွန်မသည် ဂစ်တာ တီးနေဆဲ အချိန်ဖြစ်ခဲ့၏။
“ရင်ခုန်သံတွေ ဒီရေလှိုင်း တရွေ့ရွေ့ တိုးဝှေ့ ကိုယ့်ရင်မှာ …. တရေးရေး တွေးမိ သိပြီလေ .. အခုတော့ နှောင်းမှ မျက်ရည်ဝေ …. ။ အဆုံးသတ်မှာ တစ်ဘက်နဲ့ တစ်ဘက် နိဂုံး ….”
မောင် ကျွန်မဘေးမှ ငြိမ်သက်စွာ ရပ်လာသည်။ ကျွန်မ မော်ကြည့်လိုက်သောအခါ ဖန်ရောင်မီးချောင်း အောက်တွင် မောင့်မျက်၀န်းများ ရွှန်းလက်နေသည်။
ဂစ်တာကို ချက်ချင်း ရပ်ပစ်လိုက်သည်။ မောင်က ကျွန်မ ဘေးမှ ၀င်ထိုင်၍ ပြုံးပြသည်။ မောင့်အပြုံးက ချစ်ခင်မှုဖြင့် တောက်ပစွာ အပြစ်ကင်းလွန်းသောကြောင့် ကျွန်မမှန်းဆချက်များ မှားလေသလားဟုပင် သံသယ ဖြစ်မိသည်။
“တီးဦးမလား ၊ တီးလေ”
“ဟင့်အင်း … ဂစ်တာဆိုတာ မောင်မရှိမှ လိုတာပါ”
မောင် ကျွန်မကို သတိလက်လွတ် ငေးမောနေ၏။ ထို့နောက် ကျွန်မလက်ထဲမှ ဂစ်တာကို ဆွဲယူ ချိတ်ထားလိုက်၏။ မျက်နှာ တူရူ သို့ ငေးမောနေမိသော ကျွန်မကို မောင်က ပါးချင်းအပ်ပြီး ကျွန်မ ဆံပင်တို့ကို လက်ဖြင့် ညင်သာစွာ ဆော့ကစားနေခဲ့၏။
“နေကောင်းရဲ့လား”
“အို .. ကောင်းပါတယ်”
“ချစ် မျက်နှာလေ နည်းနည်း ညိုးနေတယ်”
ကျွန်မ မျက်နှာကိုအတတ်နိုင်ဆုံးပြုံးပစ်လိုက်၏။
“မောင့်ကို လွမ်းလို့ပါကွယ်”
“ပိုပြီ ၊ သူ ။ ဘယ်နှစ်နာရီမှ မကြာဘဲနဲ့ ၊ အဲဒါဖြင့် ဒီည အိမ်မပြန်နဲ့တော့”
“ဘယ်ဖြစ်မလဲ ၊ ဘာမှ ပြောခဲ့ရတာ မဟုတ်ဘူး”
“သူတို့ ရိပ်မိမှာပါကွာ မောင့်ဆီမှာ အိမ်မယ်ဆိုတာ”
“ဟင့်အင်း .. မဖြစ်ဘူး မောင်”
“မရဘူး ပြန်မလွှတ်ဘူး”
“ဟာ”
မောင်က မချိုမချဥ်မျက်နှာနှင့် ကျွန်မကို ခုတင်ပေါ် အိပ်အောင် အသာအယာ တွန်းလှဲ၏။
“မောင်နော် ဘာလုပ်မလို့လဲ”
“ဘာမှ မလုပ်ဘူး ၊ နမ်းမလို့ နမ်းမလို့ ငါ့ကို အဲ့လို မယုံမကြည် လေသံနဲ့ မမေးနဲ့ ၊ ငါဘယ်တုန်းက နင့်ကို နာကျင်အောင် လုပ်ခဲ့ဖူးလို့လဲ”
ထိုညက ကျွန်မသည် ပထမဆုံး အကြိမ် အဖြစ် မောင့် အကြင်နာများကို ကြောက်ရွံ့ ထိတ်လန့်ခဲ့ပါသည်။
“ဒီမှာ မောင် ကျွန်မ ဘယ်သူလဲ” ဟူသော မေးခွန်းမေးဖို့ အကြိမ်ကြိမ် အားယူခဲ့ရ၏ ။ မမေးရက်ခဲ့ပါ။ ဒါဟာ ဘယ်သူက ပေးတဲ့ ရမ္မက်မီးလည်း မောင်ရယ်။ တွေးမိသောအခါ ကျွန်မ ၀မ်းနည်းအားငယ်စွာ မျက်ရည်ကျ၏။ ကျွန်မ မျက်ရည်များကို နမ်းမိသော မောင်က ထိတ်လန့် တကြား ဖြစ်သွား၏ ။
“ချစ် မောင် ချစ်ကို ဘာလုပ်လို့လဲ ၊ ဘာမှဖြင့် မလုပ်သေးဘဲနဲ့”
ကျွန်မ မျက်နှာကို အကဲခတ်၍ အကြာကြီး ငုံ့ ကြည့်နေသော မောင်သည် ပထမဆုံး အကြိမ် ဝေခွဲမရသည့် အရိပ်များ ထင်ဟပ်လာ၏။ မျက်ရည်စများကို လက်ညိုးဖြင့် ညင်သာစွာ သုတ်ပေးခဲ့သည်။
“ဘာ စိတ်ဆင်းရဲစရာ ရှိလို့လဲဟင် ၊ ကိုယ် မှားသွားတယ် ၊ ကိုယ်လေ ချစ်သူရဲ့ မျက်နှာရိပ် မျက်နှာကဲကို မဖတ်တတ်သေးဘူး သိလား ၊ မောင့်ကိုပြော ၊ ဘာဖြစ်လဲ ၊ ဘာလုပ်ပေးရမလဲ”
မောင့်အသံမှာ ယုံကြည်စိတ်ချမှု အပြည့်နှင့်။

#ဆက်ရန်ရှိ

image