18 ပတ် - ဘာသာပြန်ပါ။

တောင်ဒဂုံတွင် ဖယ်ရီကား နှင့် ဘက်ထရီစက်ဘီးတို့တိုက်မိရာမှ ကျူရှင်ဆရာမတစ်ဦး ပွဲချင်းပြီးသေဆုံး

ဒီဇင်ဘာ ၁၇
ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်တွင် ဖယ်ရီကားနှင့် ဘက်ထရီစက်ဘီးတို့တိုက်မိရာမှ ကျူရှင်ဆရာမ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ရှင်သန်ခွင့်လူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဒီဇင်ဘာလ ၁၆ ရက်) ညနေ ၃ နာရီဝန်းကျင်အချိန်ခန့်က တောင်ဒဂုံမြို့နယ်၊ ၂၄ ရပ်ကွက်၊ လှော်ကားလမ်း နှင့် မြိတ်လမ်းထောင့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ကြားတာတော့ ဖယ်ရီကားကမီးနီဖြတ်မောင်းပြီးဝင်တိုက်သွားတာလို့သိရတယ်။ လမ်းပေါ်က Citymart ထိပ်ကနေ တိုက်သွားတာ။ ဓာတ်တိုင်တစ်တိုင်စာလောက်ညပ်ပါသွားတာ။ ကားအောက်မှာ ညပ်နေလို့ မီးသတ်ကို အကြောင်းကြားပြီး မီးသတ်က စက်အားနဲ့ဆွဲမြှောက်ပြီး ထုတ်ရတာ”ဟု ရှင်သန်ခွင့်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဘက်ထရီစက်ဘီးစီးနင်းလာသည့် အသက်(၃၅)နှစ်အရွယ် အမျိုးသမီးတွင် ထိခိုဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

“ကားအောက်ကနေ Body ကိုဆွဲထုတ်ပြီးတော့ ယာဉ်ထိန်းရဲကလည်း သူ့အိမ်ကိုဖုန်းဆက်တာပေါ့။ သူအိမ်ကရောက်လာလို့ပြောပြတာက ကျူရှင်လိုက်သင်နေတဲ့ ဆရာမလို့သိရတယ်။ ကားကမီးနီဖြတ်မောင်းတယ်ဆိုတာက ဘေးကပြောစကားပေမယ့် ကျွန်တော်ကတော့ မီးနီဖြတ်မောင်းတာတော့မဖြစ်သင့်ပါဘူး။ ဘယ်လောက်ကြီးပဲအရေးကြီးနေပါစေ။ လူ့အသက်တစ်ချောင်းဆုံးရှုံးသွားရတာတော့ မကောင်းဘူးပေါ့”ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် သေဆုံးသူအမျိုးသမီး၏ ရုပ်အလောင်းကို ရှင်သန်ခွင့်လူမှုကူညီရေးအသင်းက မြောက်ဥက္ကလာပမြို့နယ်ရှိ မေဓာဝီဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

#centralnewsnaypyitaw

imageimage