19 ပတ် - ဘာသာပြန်ပါ။

လက်ကျန် ၂ ပွဲစလုံးအနိုင်ရမှသာ မြန်မာအသင်းနောက်တဆင့်တက်ရန် မျှော်မှန်းနိုင်မည်

လက်ရှိကျင်းပနေတဲ့ အာဆီယံ ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းက အုပ်စုလက်ကျန် ၂ ပွဲစလုံး အနိုင်ရမှသာ နောက်တဆင့် ဆီမီးဖိုင်နယ်တက်ခွင့် မျှော်မှန်းနိုင်တော့မှာပါ။

ဒီဇင်ဘာ ၁၂ ရက် မနေ့ညနေက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဖိလစ်ပိုင်နဲ့ အုပ်စုဒုတိယပွဲစဉ်မှာ မြန်မာအသင်းက တဂိုးစီသရေရလဒ်နဲ့ ကစားနိုင်ခဲ့ပြီး အုပ်စုပွဲစဉ် ၂ ပွဲမှာ နိုင်ပွဲပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

မြန်မာနဲ့ တအုပ်စုတည်းဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ လာအိုတို့ရဲ့ မနေ့ညကပွဲစဉ်မှာတော့ တဖက် ၃ ဂိုးစီ သရေကျသွားပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်က ရန်ကုန် အိမ်ကွင်းမှာ အင်ဒိုနီးရှား ယူ -၂၁ အသင်းနဲ့ ယှဉ်ပြိုင်ကစားရာမှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

မြန်မာအသင်းပါဝင်တဲ့အုပ်စုမှာ အင်ဒိုနီးရှားက ၂ ပွဲ ကစား ၁ ပွဲနိုင် ၁ ပွဲ သရေရလဒ်နဲ့ အုပ်စုပထမနေရာမှာ ရပ်တည်နေပြီး ဗီယက်နမ်က တပွဲကစား တပွဲနိုင်ရလဒ်နဲ့ အဆင့်၂ ၊ ဖိလစ်ပိုင်က တပွဲကစား တပွဲသရေ ရလဒ်နဲ့ အဆင့် ၃ နေရာတွေမှာ သီးသီးရပ်တည်နေတာပါ။

မြန်မာအသင်းဟာလာမယ့် ဒီဇင်ဘာ ၁၈ ရက်မှာ လာအိုအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး ဒီဇင်ဘာ ၂၁ ရက်မှာ ဗီယက်နမ်နဲ့ အဝေးကွင်းပွဲစဉ် သွားရောက်က စားရမှာပါ။

မြန်မာအသင်းဟာ အဲဒီလက်ကျန် ၂ ပွဲစလုံးအနိုင်ရရှိမှာသာ ဆီမီးဖိုင်နယ်တက်ဖို့ မျှော်မှန်းနိုင်မှာပါ။ လက်ရှိစွမ်းဆောင်ရည်အရတော့ မြန်မာအသင်းရဲ့ ခြေစွမ်းအပေါ် ပရိသတ်တွေက အားမလိုအားမရဖြစ်နေပြီး အုပ်စုအဆင့်ကနေပဲ ပြန်လာရလိမ့်မယ်လို့ ခန့်မှန်းသုံးသပ်နေကြပါ တယ်။
DVB

image