အိမ်မှာ မိသားစု စားတဲ့ ထမင်းအိုးကို တည်ရင်တောင် ဘယ်နှယောက်စာ စသဖြင့် လောက်ငှ အောင်ထမင်းချက်ကြပါတယ်။
ငါ တစ်ယောက်တည်း စားလို့ရရင် ရပြီ ဆိုတဲ့ စိတ်နဲ့ တစ်ယောက်စာတင် ချက်ရင်ဖြစ်စေ၊ ငါချည်းပဲ စားမယ် ကွ လို့ အကုန်စားရင် ဖြစ်စေ၊ အဲဒီလို စိတ်ဓာတ်မျိုးရှိသူဟာ အိမ်မှာ မိသားစု အတွက် သူတော်ကောင်း ဖြစ်မလာနိုင်ပါဘူး။ မိသားစုကို ကျေးဇူးပြုသူ၊ ကောင်းကျိုးပြုသူ မဟုတ်နိုင်ပါဘူး။
ဒီဥပမာ အတိုင်းပါပဲ.. ကိုယ့်ရဲ့ ရပ်တည်ချက်၊ လုပ်ဆောင်ချက်တွေဟာ လောက ကောင်းဖို့ကို ရည်စူးနေမှသာ လူကောင်းတစ်ယောက် ဖြစ်လာမှာ ဖြစ်ပါတယ်။
‘ငါ စားပြီးမှ နင်တို့ စား’ ဆိုတဲ့ စိတ်နဲ့ကတော့ အတ္တကို ဗဟိုပြုနေထိုင်ရပ်တည်ခြင်းဖြစ်လို့ လောကကိုလည်း အကျိုးပြုမယ့်သူ မဟုတ်နိုင်ပါဘူး။
အပင်တစ်ပင်ကို ခုတ်လိုက်တယ်၊ အမှိုက်တစ်ခုကို စည်းကမ်းမဲ့ ပစ်လိုက်တယ်၊ ငါ လုပ်ချင်တာ လုပ်မှာပဲ ဆိုတဲ့ လုပ်ရပ်တွေဟာလည်း လောကကို ဖျက်ဆီးခြင်း ပဲ မဟုတ်ပါလား။
ကျန်းမာရေးနဲ့ မညီတဲ့ နည်းတွေနဲ့ အစားအစာတွေကို ထုတ်လုပ်ရောင်းလိုက်တယ်၊ ကိုယ်တော့ ရောင်းကောင်း ချမ်းသာနိုင်ပေမယ့် လူတွေလည်း ပျက်ဆီး၊ လောကလည်း ပျက်ဆီးမှာ မဟုတ်ပါလား။
လောက ဆိုတာ ကိုယ့်ကို နည်း အမျိုးမျိုး နဲ့ ကိုယ်အမှီသဟဲ ပြုနိုင်အောင်ကျေးဇူးပြု ထောက်ပံ့နေတာကြောင့် လောက ကို စောင့်ရှောက်သော စိတ် နဲ့ နေထိုင် ရှင်သန်နိုင်ရမှာ ဖြစ်ပါတယ်။
လောကကို ကျေးဇူးဆပ်တဲ့အခါ ကိုယ့်ဘဝ က လောကကြီး အတွက် ဖြစ်ရမှာပါ။ ဒါမှလည်း လောကကြီးမှာ အတ္တ နဲ့ တစ်ကိုယ်ကောင်း ဆန်သူတွေ ကင်းလာပြီး ငြိမ်းချမ်းသာယာမှာ ဖြစ်ပါတယ်။
ငါကောင်းစားဖို့အရေး လောက ကြီး ကို စတေးရင် ကိုယ်လိုလူတွေ များလာရင် လောကကြီး ပျက်ဆီးမှာပဲ မဟုတ်ပါလား။
လောက ကို ကျေးဇူးဆပ်ရမှာ အခြေခံ လုပ်ငန်း (၁၀) မျိုး ရှိပါတယ်။
ဒါကို ပါရမီ (၁၀) ပါးလို့ လည်း ဆိုပါတယ်။
ပါရမီဆိုတာ မြင့်မြတ်သူတို့ရဲ့ လုပ်ငန်းစဉ် များ ဖြစ်တာကြောင့် မိမိရဲ့ လောကကို ကျေးဇူးဆပ်ခြင်း၊ လောက ကို စိတ် စင်ကြယ်စွာဖြင့် အတ္တ ဗဟိုမပြုပဲ အကျိုးဆောင်နေခြင်းတို့ဟာ နိဗ္ဗာန် ဝင်ရန် အတွက် အကောင်းဆုံး အထောက်အပံ့များဖြစ်သလို၊ သံသရာ တစ်လျှောက်မှာလည်း အကုသိုလ်နည်းပြီး ငရဲကို ပြန်ဆင်းရမယ့် အဖြစ်တွေကနေ နည်းနိုင်သမျှ နည်းသွားမှာ မဟုတ်ပါလား။
ပါရမီဖြည့်တဲ့ စိတ်ဓာတ် ဖြင့် နေထိုင်ခြင်းဟာ ဘဝ ရတုန်း အကျိုးရှိရှိ နဲ့ အလေအလွင့် အဖြုန်းအတီး တစ်စက်မရှိ နေထိုင်ရခြင်းပဲ လို့ မြင်မိပါတယ်။
ကိုယ့်ကိုကိုယ် ကောင်းစွာ ဆောက်တည်ခြင်းဟာ မိသားစု တင်မက လောက အတွက် သူတော်ကောင်း တစ်ဦး တိုးပွါးလာတာမို့ လောကကို ကျေးဇူးတင် ကျေးဇူးဆပ်ခြင်းပဲ လို့ နားလည် သဘောပေါက်မိပါတယ်။
သားနဲ့ သမီးကို ဆုံးမရင်တောင် ကိုယ်ဟာ ကမ္ဘာမှာ အလင်းပေးနိုင်တဲ့သူပဲ ဖြစ်ရမယ်။ သူများအလင်းကို မှိန်စေတတ်သူ၊ လောက အလင်းကို ဖျက်ဆီးတဲ့သူ၊ အသုံးချ နင်းဖျက်တတ်တဲ့သူ မဖြစ်စေနဲ့လို့ ဆုံးမ ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင်ရဲ့ standard မှာတော့ ကိုယ်လို
သာမာန်လူက လိုက်မီအောင် ပါရမီ ဖြည့်ဖို့ ခက်ပေမယ့် တတ်နိုင်သလောက်တော့ ကိုယ့်အထွာလေးနဲ့ ကိုယ် လောက ကို ကျေးဇူးဆပ် ပါရမီ ဖြည့်ရင်း နေထိုင်သွား
ရမှာ မဟုတ်ပါလား။

#crd

image