ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၃၅ သန်းနှင့် ထိုင်းဘတ်သန်း ၄၀ ထပ်မံရောင်းချပေးမည်
ဒီဇင်ဘာ ၁၁
ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၃၅ သန်းနှင့် ထိုင်းဘတ်သန်း ၄၀ ထပ်မံရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒီဇင်ဘာလ ၁၀ ရက် (ယမန်နေ့)တွင် အသိပေးကြေညာထားသည်။
နှစ်သစ်ကူးရုံးပိတ်ရက်များကြောင့် သွင်းကုန်တင်သွင်းမှုများပြီး နိုင်ငံခြားငွေလိုအပ်ချက် မြင့်မားလေ့ရှိသည့် ဒီဇင်ဘာလအတွင်း ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များ အဓိကလိုအပ်သည့် ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်များကို အလုံး အရင်းဖြင့် ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ထုတ်ရောင်းပေးခဲ့ရာ ဒီဇင်ဘာလ ၂ ရက်မှ ၁၀ ရက်အထိ တစ်ပတ်ကျော်အတွင်း ဒေါ်လာ ၅၃ သန်း၊ ထိုင်းဘတ် ၃၀၇ ဒသမ ၄၆၆ သန်းရောင်းချပေးထားပြီးဖြစ်သည်။ ထို့အတူ ဒီဇင်ဘာလ ၁၀ ရက်တွင် တရုတ်ယွမ် ၉ သိန်းနီးပါး ထပ်မံထုတ်ရောင်း၍ စုစုပေါင်း တရုတ်ယွမ် ၇ ဒသမ ၉၀၇ သန်း ထုတ်ရောင်းပေးခဲ့ပြီးဖြစ်သည်။
ယင်းကဲ့သို့ ဗဟိုဘဏ်မှ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးခဲ့မှုကြောင့် ဒေါ်လာဈေး ဆွဲတင်မှုများရှိနေသော် လည်း ယနေ့တွင် တစ်ဒေါ်လာ ၄,၄၆၀ ကျပ်၊ ထိုင်းဘတ် တစ်ဘတ် ၁၃၃ ကျပ်နှင့် တရုတ်ယွမ် တစ်ယွမ် ၆၂၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိသည်။
#centralnewsnaypyitaw
