အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကပေးတဲ့ လူ့အခွင့်အရေးကာကွယ်သူဆုကို CHRO မှ ဆလိုင်းမန်ဟရဲလျန် ရရှိ
ဒီဇင်ဘာ ၁၁
အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ချီးမြှင့်တဲ့ ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးကာကွယ်သူဆု ကို မြန်မာနိုင်ငံက ချင်းလူအခွင့်အရေးအဖွဲ့ ( CHRO) မှ ဆလိုင်းမန်ဟရဲလျန်က ရရှိခဲ့တယ်လို့ CHRO က မနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရှိ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျင်းပတဲ့ နိုင်ငံတကာလူ့အခွင့်အရေးနေ့ မှာ လူ့အခွင့်အရေးကာကွယ်သူများဆုချီးမြှင့်ခြင်းကိုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် ( Antony Blinken ) ကိုယ်တိုင်တက်ရောက်ပြီး ဆုချီးမြှင့် ခဲ့ခြင်းဖြစ်ပါတယ်။
“ဒီဆုကိုချီးမြှင့်တဲ့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကိုကျေးဇူးတင်ပါတယ်။ဒါဟာ ချင်းလူမျိုးများ အပါအဝင် တစ်ခြားသောတိုင်းရင်းသားအသိုက်အဝန်း အားလုံးအပေါ် အကြမ်းဖက်စစ်တပ်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံနေရတဲ့ နက်နဲတဲ့ဒုက္ခကိုအသိအမှတ်ပြုခြင်း ဖြစ်တယ်။”လို့ ဆလိုင်းမာန်ဟရဲလျန်ကပြောတယ်လို့ CHRO ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဆလိုင်း မာန်ဟရဲလျန်ဟာ လက်ရှိ ချင်းလူအခွင့်အရေးအဖွဲ့မှာ အစီအစဉ်ညွန်ကြားရေးမှူးအဖြစ်တာဝန်ယူ ဦးဆောင်နေသူဖြစ်ပြီး ဆယ်စုနှစ်ကြာအောင် လူ့အခွင့်အရေး၊ ရွေးကောက်ပွဲအတွင်း ပွင့်လင်းမြင်သာမှုရှိရေး နဲ့ မြန်မာ့နိုင်ငံရေးမှာ လူငယ်များပါဝင်မှုအားကောင်းအောင် ဆောင်ရွက်နေသူဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြ ထားပါတယ်။
ဆလိုင်းမာန်ဟရဲလျန်ဟာ ရန်ကုန်မြို့၊ဒဂုံတက္ကသိုလ်မှာ အဝေးသင် ဖြေကြားရင်း ခရစ်ယာန်ဓမ္မကျောင်းတက်ခဲ့ ပြီးနောက် Mahidol University မှာလူ့အခွင့်အရေးနဲ့ပက်သက်တဲ့ မဟာဘွဲ့ကိုရယူခဲ့သူဖြစ်ပါတယ်။
#သတင်းဟင်းလေးအိုးကြီး
