ဗဟိုဘဏ်မှ ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ် သုံးမျိုးလုံးကို တစ်ပြိုင်တည်းအလုံးအရင်း ဒုတိယအကြိမ် ထုတ်ရောင်း
ဒီဇင်ဘာ ၁၀
နှစ်သစ်ကူးရုံးပိတ်ရက်များကြောင့် သွင်းကုန်တင်သွင်းမှုများပြီး နိုင်ငံခြားငွေလိုအပ်ချက် မြင့်မားလေ့ရှိသည့် ဒီဇင်ဘာလပထမအပတ်အတွင်း ဗဟိုဘဏ်မှ ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ် သုံးမျိုးလုံးကို တစ်ပြိုင်တည်းအလုံးအရင်း ဒုတိယအကြိမ် ထပ်မံထုတ်ရောင်းပေးခဲ့ကြောင်း ဒီဇင်ဘာလ ၆ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ဒီဇင်ဘာလ ၂ ရက်တွင် ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းလုပ်ငန်းရှင်များအတွက် FX Market Online Trading Platform မှတစ်ဆင့် ဒေါ်လာ ၃၈ သန်း၊ ထိုင်းဘတ် ၁၀၇ ဒသမ ၄၆၆ သန်းနှင့် တရုတ်ယွမ် ၁ ဒသမ ၄၈၇ သန်းတို့ ထုတ်ရောင်းပေးခဲ့ကာ တစ်ရက်အတွင်း ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်များကို တစ်ပြိုင်တည်းအလုံးအရင်း ပထမအကြိမ်ထုတ်ရောင်းပေးခဲ့သည်။
ထို့နောက် တရုတ်ယွမ်များကို ဒီဇင်ဘာ ၃ ရက်တွင် ၁ ဒသမ ၄၃၇ သန်း၊ ဒီဇင်ဘာ ၄ ရက်တွင် ၁ ဒသမ ၄၈၅ သန်းနှင့် ဒီဇင်ဘာ ၅ ရက်တွင် ၁ ဒသမ ၅၅၂ သန်း ထပ်မံထုတ်ရောင်းပေးခဲ့သည်။ ဒီဇင်ဘာ ၂ ရက်မှ ၅ ရက်အထိ တရုတ်ယွမ်များကို လေးရက်ဆက်တိုက် ထုတ်ရောင်းပေးခဲ့ရာ စုစုပေါင်း တရုတ်ယွမ် ၅ ဒသမ ၉၆၁ သန်းရှိသည်။
ယင်းကဲ့သို့ ရောင်းချပေးခဲ့သည့်အပြင် ဒီဇင်ဘာ ၆ ရက်တွင်လည်း ဒေါ်လာ ၁၅ သန်း၊ ထိုင်းဘတ်သန်း ၂၀၀ နှင့် တရုတ်ယွမ် ၁ ဒသမ ၀၄၇ သန်းဖြင့် တစ်ရက်အတွင်း ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ် သုံးမျိုးလုံးကို တစ်ပြိုင်တည်း အလုံးအရင်း ဒုတိယအကြိမ် ထပ်မံထုတ်ရောင်းပေးခဲ့သည်။
သွင်းကုန်တင်သွင်းမှုများလေ့ရှိသည့် ယခုဒီဇင်ဘာလတွင် သွင်းကုန်လုပ်ငန်းရှင်များအတွက် အဓိကလိုအပ်သည့် ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်များ ပြတ်လပ်မှုမရှိစေရန်အတွက် ဗဟိုဘဏ်မှ အဆိုပါငွေကြေးသုံးမျိုးလုံးကို အလုံးအရင်းဖြင့် ဆက်တိုက်ထုတ်ရောင်းပေးခဲ့ရာ ယခု ဒီဇင်ဘာလ ပထမအပတ်အတွင်း၌ပင် ဒေါ်လာ ၅၃ သန်း၊ ထိုင်းဘတ် ၃၀၇ ဒသမ ၄၆၆ သန်းနှင့် တရုတ်ယွမ် ၇ ဒသမ ၀၀၈ သန်း ထုတ်ရောင်းပေးခဲ့ပြီးဖြစ်သည်။
ယင်းကဲ့သို့ ဗဟိုဘဏ်မှ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးခဲ့မှုကြောင့် ဒေါ်လာဈေး ဆွဲတင်မှုများရှိနေသော်လည်း ယနေ့တွင် တစ်ဒေါ်လာ ၄,၄၅၀ ကျပ်၊ ထိုင်းဘတ် တစ်ဘတ် ၁၃၂ ကျပ်နှင့် တရုတ်ယွမ် တစ်ယွမ် ၆၁၆ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိသည်။
Credit - MT News Agency
#သတင်းဟင်းလေးအိုးကြီး
