‘ဝ’နဲ့ ကိုးကန့် ကုန်စည်တင်သွင်းခွင့် အပြန်အလှန်ပိတ်ထားတာကြောင့် မှောင်ခိုဈေးကွက် ပိုမိုကြီးထွားလာ

ဒီဇင်ဘာ ၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဟိုပန်မြို့နယ်မှာ 'ဝ’နဲ့ ကိုးကန့် ကုန်စည်တင်သွင်းခွင့် အပြန်အလှန်ပိတ်ထားတာကြောင့် လက်ရှိကာလအတွင်း မှောင်ခိုဈေးကွက် ပိုမိုကြီးထွားလာနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

၁၀၂၇စစ်ဆင်ရေးကာလအတွင်း "ဝ" တပ် - UWSA ထိန်းချုပ်ထားတဲ့ ဟိုပန်၊ ဖောင်ဆိပ်ဂိတ်ကနေ ကိုးကန့်ဒေသဘက်ကို ကုန်ပစ္စည်း သယ်ယူတာတွေ တားမြစ်လိုက်ပြီး ကိုးကန့်ဘက်ကလည်း နိုဝင်ဘာ နောက်ဆုံးပတ်မှာ စားသောက်ကုန် သယ်ယူတာတွေ ပြန်ပိတ်ခဲ့တယ်လို့ သိရပါတယ်။

"လက်ရှိမှာတော့ အသားငါး၊ အသီးအရွယ်တွေကအစ ဆန်၊ ဆီ၊ စက်သုံးဆီဈေးတွေက ပိုပြီး ဈေးကြီးလာတယ်။ ဆေးဝါးတွေ၊ စက်သုံးဆီတွေဆို ပြင်ပမှာ ဝယ်ရခက်နေပြီး မှောင်ခိုဈေးကွက်က ပိုကြီးလာတယ်။ အလုပ်အကိုင်ကလည်း အရင်ကထက် ရှားပါးလာတော့ ဒေသခံတွေ ပိုခက်ခဲလာတာပေါ့"လို့ ဒေသခံတယောက်က ပြောပါတယ်။

အခုလို အဘက်ဘက်က ကုန်ပစ္စည်း သယ်ယူတာတွေ ပိတ်ပင်ထားတဲ့ အခြေအနေကြောင့် ဒေသတွင်း လူထုတွေအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုအပြင် ကုန်စည်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို တဖြည်းဖြည်းပိုမိုခံစားလာနေရတယ်လို့ သိရပါတယ်။

"အခုက တနိုင်တပိုင်သယ်တာလောက်ဆိုရင်တော့ ပြဿနာမရှိဘူး။ ကိုယ်သုံးဖို့လောက်ပဲဆိုရင်ပေါ့။ နည်းနည်းများများသယ်ရင်တော့ ပေးမဖြတ်ဘူး။ အရင်က ဝ ဘက်ကပဲပိတ်တာ။ ဘာဆိုဘာမှပေးမသယ်ခဲ့ဘူးလေ။ ကိုးကန့်ကလည်း ခုဆိုဟိုပန်အဝင် ကားတွေကို အရမ်းစစ်လာတယ်။ အဖုံးတွေ။ ထိုင်ခုံ အောက်တွေထိ လှန်စစ်တယ်"လို့ တခြားတယောက်ကလည်း ပြောပါတယ်။

တရုတ်အစိုးရဟာ ကိုးကန့်တပ် - MNDAA ထိန်းချုပ်ဒေသတွေဘက်ကို လက်နက်ခဲယမ်း နဲ့ ဆေးဝါးတွေတင်ပို့ ရောင်းချနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ UWSA လက်အောက်ရှိ နမ့်တစ် (မန်ခါး) ဂိတ်ကို သြဂုတ်လအတွင်း ကုန်စည်တင်သွင်းခွင့်တွေ စတင်ပိတ်ပင်ခဲ့ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့က နစကထိန်းချုပ်တဲ့ မူဆယ်မြို့ကနေ နမ့်ခမ်းမြို့ဘက်ကို ကုန်ပစ္စည်းတွေ သယ်ယူခွင့် ပိတ်လိုက်သလို တအာင်းတပ် TNLA ဘက်ကလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့က စားသောက်ကုန် ပစ္စည်းသယ်ယူခွင့် ပြန်ပိတ်ထားတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ-Local

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image