အိန္ဒိယနိုင်ငံ၊ Naval War College(NWC) မှ ဒုကျောင်းအုပ်ကြီးဦးဆောင်သော အရာရှိကြီးများအဖွဲ့ မြန်မာနိုင်ငံရှိ အထင်ကရနေရာများသို့ လေ့လာရေးခရီးစဉ်အဖြစ်လာရောက်ခဲ့
နေပြည်တော်၊ ဒီဇင်ဘာ ၉
အိန္ဒိယနိုင်ငံ၊ Naval War College (NWC) မှ ဒုတိယကျောင်းအုပ်ကြီး Commodore Prashant Chandrasekharan ဦးဆောင်သော အရာရှိကြီးများအဖွဲ့သည် လေ့လာရေးခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ ၂ ရက်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဒုတိယကျောင်းအုပ်ကြီး ဦးဆောင်သောအဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း ဒီဇင်ဘာ ၃ ရက်နေ့တွင်ရန်ကုန်မြို့ရှိ India Centre သို့ သွားရောက်လေ့လာခြင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ဝန်ထမ်းများနှင့် တွေ့ဆုံခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး ဒီဇင်ဘာ ၄ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)နှင့် တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်ရုံးတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံခြင်း၊ နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၊ မြန်မာ့ကျောက်မျက်ရတနာပြတိုက်(နေပြည်တော်)၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်လေ့လာ ဖူးမြော်ခဲ့ကြသည်။
ဒီဇင်ဘာ ၅ ရက်နေ့တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သွားရောက်၍ ပုဂံမြို့တွင်းနှင့် ပုဂံယဉ်ကျေးမှု ပြတိုက်သို့ သွားရောက်လေ့လာခဲ့ကြပြီး ဒီဇင်ဘာ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော် မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုခြင်းနှင့် စစ်ရေယာဉ်(မေယု)သို့ သွားရောက်လေ့လာခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
အိန္ဒိယနိုင်ငံ၊ Naval War College(NWC) မှ ဒုတိယကျောင်းအုပ်ကြီး ဦးဆောင်သော အရာရှိကြီးများ အဖွဲ့သည် ယမန်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အိန္ဒိယနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
#သတင်းဟင်းလေးအိုးကြီး


