20 ပတ် - ဘာသာပြန်ပါ။

~~~ အမှတ်တရ ~~~ { ၄ }
#ဂျူး
အဓိပ္ပါယ် ဖော်ရခက်သော မျက်လုံးများဖြင့် ကျွန်မ မောင့်ကို လှမ်းလှမ်းကြည့်သောအခါ မျက်၀န်းချင်း ဆုံမိပြီဆိုလျှင် ရှက်တတ်သော မောင်က အလျင် မျက်လုံးလွှဲလေ့ရှိပါသည်။
ဘာပဲဖြစ်ဖြစ် နောက်တော့ မောင်စိတ်၀င်စားသူမှာ ကျွန်မဟု အနည်းအကျဉ်း ရိပ်မိလာရသည်။ များများစားစား ရိပ်မိရအောင်လည်း အခြေအနေ မပေးပါ ။
ဆရာဦးတင်မောင်ရင်က စာသိပ်မေးပါသည်။သည်လိုနှင့် ခန္ဓာဗေဒ ခွဲစိတ်ခန်း ရောက်တိုင်း စာသိပ်မေးသော ဆရာကို မျက်နှာချင်း မဆိုင်မိအောင် ရှောင်ရသော အလုပ်အပြင် မောင်နှင့် မျက်လုံးခြင်းဆုံဖို့ ခပ်ရှက်ရှက်ဖြင့် ကြိုးစားရသော အလုပ်တစ်ခုပါ ပိုလာသည်။ တစ်ခါတစ်ခါကျတော့ အရပ်ပုသောကျွန်မသည် ကျွန်မတို့ လူအုပ်ကြားတွင် ပျောက်ကွယ်နေသည့်အခါ အရပ်ရှည်သွယ်သော မောင်သည်ပင်လျှင် ခြေဖျားထောက်၍ထောက်၍ ကြည့်ရတတ်ပါသည်။ တစ်ခါတစ်လေ ဆရာဦးကိုလေးက အဖွဲ့တစ်ခုခုသို့ ၀င်ရောက်လာပြီး စာသင်ခြင်း တစ်လှည့် ၊ စာမေးခြင်း တစ်လှည့် ပြုလုပ်တတ်၏။
တစ်နေ့တာ ခန္ဓာဗေဒ သင်ခန်းစာများ ပြီးစီးနေသော ကျောင်းသား ကျောင်းသူများ ဆရာ့အနီးသို့ ရောက်သွားတတ်၏။ ဆရာ့စကားကို အားလုံး ဝိုင်းနားထောင်တတ်ကြသည်။ ထိုအခါ မောင်ကလည်း ဆရာရှိရာသို့ လာ၍ နားထောင်တတ်ပါသည်။ မောင့်အာရုံက ဆရာ့ဆီမှာ ရှိချင်ရှိနိုင်မည် ဖြစ်သော်လည်း မောင့်မျက်လုံးကတော့ ကျွန်မဆီမှာပဲ ရှိနေတတ်၏။ ကျွန်မ ရယ်ချင်သည့်အခါ မောင့်ဆီမှ မျက်လုံး လွှဲပစ်ကာ ကျိတ်ရယ်လေ့ရှိပါသည်။ ကျွန်မ ပြုံးရယ်လျှင် မောင်ကလည်း ရှက်သလို မချိုမချဉ် ပြုံး၍ မျက်နှာ ချက်ချင်း လွှဲပစ်တတ်သည်။
တစ်ခါတုန်းက မောင်နှင့်ကျွန်မ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင် အကာအကွယ် မရှိ ခပ်လှမ်းလှမ်းမှာ တည်ရှိနေခဲ့ ကြဖူး၏။ မောင်နှင့် သိပ်တွဲသော မောင့်သူငယ်ချင်း အံ့ကျော်က တမင်တကာ မောင့်ရှေ့သို့ ၀င်ရပ်ပြီး မောင့်မြင်ကွင်းကို ကွယ်ပစ်လိုက်၏။ မောင်သည် အလွန်တရာ ချစ်ဖို့ကောင်းအောင် ရှက်ရယ်ရယ်လျက် မောင့်သူငယ်ချင်းကို ရှေ့မှ တွန်းဖယ်ထုတ်ပစ်ခဲ့ဖူးလေသည်။ အဲဒီတုန်းက ကျွန်မ ရှက်လည်းရှက် ၊ ပျော်လည်း ပျော်ပြီး မောင့်ကိုလည်း နင့်နင့်သည်းသည်း ချစ်မိနေမှန်း ပထမဆုံးအကြိမ် သတိပြုခဲ့မိပါသည်။
မောင့်ကို ချစ်မိပြီဟု ကိုယ့်ကိုယ်ကို ၀န်ခံလိုက်ရသောနေ့က ကျွန်မ အကြီးအကျယ် တုန်လှုပ်သွားပါသည်။ ဘာကြောင့် ချစ်မိမှန်းလည်း မသေချာသောကြောင့် အနည်းငယ် နားမလည်နိုင်ပါ။ မောင့်အပြုအမှု အနေအထိုင်က အစ ကျွန်မ အသေးစိတ် ချစ်မိသွားတာက အလွန်သေချာပါသည်မောင်။
ပထမနှစ်ကတည်းက ကျွန်မ သူငယ်ချင်း ခင်စန်း၀င်းက ခဏခဏ ပြောလွန်း၍ မောင့်နာမည်ကို ကျွန်မ သိခဲ့ရပါသည်။ ခင်စန်း၀င်းက အကောင်းပြောခြင်း မဟုတ်ပါ။ အတင်းတုပ်ခြင်းသာ ဖြစ်၏။ မောင့်ကို ခင်စန်း၀င်းက ဟင်နရီဒူးနန့် နှစ် ဟုခေါ်ပါသည်။ (ဟင်နရီဒူးနန့် တစ် သည် အဲ့ဒီတုန်းက ခင်စန်း၀င်းနှင့် ရည်းစား မဖြစ်သေးသော ကျွန်မသူငယ်ချင်း ၀င်းမြင့်ထွန်း ဖြစ်ပါသည်။) ကြက်ခြေနီနှင့် မဆိုင်ပါ။ စာသင်ရင်း ဒူးလှုပ် ခြေလှုပ် လှုပ်နေတတ်သောကြောင့် ဖြစ်၏။ နောက်ခုံတန်းက တစ်ချိန်လုံး လှုပ်နေသောအခါ သူမ၏ ခုံကပါ လိုက်လှုပ်၍ မူးနောက်လာသည်ဟု ခင်စန်း၀င်းက စိတ်တိုသဖြင့် ပြောပြဖူး၏။
အဲဒီတုန်းကတော့ ကျွန်မ နှင့် မောင် တစ်ချိန်ချိန်မှာ ပတ်သက်လာလိမ့်မည်ဟု မည်သူမျှ မထင်ခဲ့ကြ။ ကျွန်မနှင့် မောင် ရည်းစားဖြစ်သောအခါ မောင် ဒူးလှုပ်လျှင် ကျွန်မက မောင့်ကိုဆိတ်ဆွဲတတ်သောကြောင့် မောင်အနည်းငယ်ထိန်းချုပ်လာ၏။
(သို့သော် ဖဲရိုက်နေရင်း တစ်ခါတစ်ခါ လှုပ်နေတတ်ပါသေးသည်။) ကျွန်မ ပြောချင်တာက ကျွန်မ ဘယ်လိုမှ မကြိုက်သော အကျင့်ဆိုးတစ်ခု မောင့်ဆီမှာ ရှိနေလျက်နှင့် ထိုအကျင့်ဆိုးကိုပင် ချစ်စဖွယ် ဖြစ်လာအောင် မောင်က ကျွန်မ အပေါ် လွှမ်းမိုးနိုင်သည် ဆိုတာပါပဲ။
နောက်ပြီး ခန္ဓာဗေဒ ခွဲစိတ်ခန်းမှာ လက်တွေ့ခွဲစိတ်ရလျှင် တစ်တန်းလုံး ဂျူတီကုတ်အဖြူ ၀တ်ရသည်။ ဂျူတီကုတ် မပါလာလျှင် ဌာနမှူး ဆရာ ဦးခင်မောင်စိန်က အခန်းထဲမှ ထွက်သွားခိုင်းပါသည်။ ဒုတိယနှစ်မှာ ဂျူတီကုတ်က ဖက်ရှင်တစ်ခု ဖြစ်သဖြင့် လူတိုင်း ကော့ပျံနေအောင် မီးပူထိုးပြီး သပ်သပ်ရပ်ရပ် ၀တ်ထားကြသည့် အထဲတွင် မောင့်ကိုတော့ ကြေမွနေသော အင်္ကျီဖြင့် တစ်ခါတစ်ခါ တွေ့ရ၏။ လျှော်ဖွပ်ပြီး မီးပူမတိုက်ရသေး၍ ကြေမွခြင်းမျိုး မဟုတ်ပါ။ လုံးထွေးပစ်တင်ထားပြီး ကြေမွသော ပုံစံသာ ဖြစ်၏။ ဘာပဲဖြစ်ဖြစ် မောင့်ကျတော့ ချစ်ဖို့ ကောင်းသွားတာပါပဲ။ တခြားသူများ ဂျူတီကုတ်ကို ပခုံးပေါ်တင်ထားလျှင် ကျွန်မ ကြည့်မရသော်လည်း မောင့်ကိုကျတော့ ကျွန်မ သိပ်ကြည့်ကောင်းနေပါသည်။ အချစ်ဆိုတာ မျက်နှာ လိုက်တတ်၏။
#ဆက်ရန်ရှိ

image