မြန်မာ-တရုတ်နှစ်နိုင်ငံအကြား လုံခြုံရေးကုမ္ပဏီတည်ထောင်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးလုပ်ငန်းကော်မတီဖွဲ့စည်း
နေပြည်တော်၊ ဒီဇင်ဘာ ၆
တရုတ်နိုင်ငံမှ အဆိုပြုပေးပို့လာသည့် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား လုံခြုံရေးကုမ္ပဏီ(Joint Venture Security Company) တည်ထောင်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးနိုင်ရေးလုပ်ငန်း ကော်မတီ ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
အဆိုပါ ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်တိုးရီမှ တာဝန်ယူဆောင်ရွက် မည်ဖြစ်ပြီး၊ အဖွဲ့ဝင်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုရဲချုပ်(၂)၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ စစ်ဥပဒေချူပ်ရုံး အရာရှိကြီး ၁ ဦး အပါအဝင် စုစုပေါင်း ၁၄ ဦးဖြင့် ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်တွင် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များမှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးနိုင်ခြင်း ရှိမရှိ စိစစ်ခြင်း၊ နိုင်ငံတော်နှင့် အများပြည်သူတို့အတွက် အကျိုးကျေးဇူးဖြစ်ထွန်းဖွယ်ရာ ရှိမရှိစိစစ်ခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့် ဆန့်ကျင်မှု ရှိမရှိစိစစ်ခြင်း၊ လုံခြုံရေးကုမ္ပဏီတည်ထောင်ပြီးပါက ကုမ္ပဏီမှ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နည်းပညာဆိုင်ရာကိစ္စရပ်များအပါအဝင် နိုင်ငံတော်၏ တည်ဆဲဥပဒေ၊ ယဉ်ကျေးမှု၊ ထုံးတမ်းအစဉ်အလာများအပေါ် ဖောက်ဖျက်ကျူးလွန်မှုရှိပါက မည်ကဲ့သို့ အရေးယူဆောင်ရွက် မည်၊ မည်ကဲ့သို့ ချိတ်ဆက်ဆောင်ရွက်မည်စသည့် အချက်များကို ဖြည့်စွက်ရန် လိုမလို စိစစ်ခြင်း စသည့် လုပ်ငန်းတာဝန်များ ပါဝင်ကြောင်း သိရသည်။
#သတင်းဟင်းလေးအိုးကြီး
