21 ပတ် - ဘာသာပြန်ပါ။

လက်စတာနည်းပြဘ၀ ပထမဆုံးပွဲကို နိုင်ပွဲနဲ့ နစ္စတယ်ရွိုင်းစတင်

ဒီဇင်ဘာ ၄

လက်စတာအသင်းက ဝက်စ်ဟမ်းအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လက်စတာ အသင်းကို နည်းပြအဖြစ် စတင်ကိုင်တွယ်ခဲ့တဲ့ နစ္စတယ်ရွိုင်းဟာ ပထမဆုံးပွဲကို နိုင်ပွဲနဲ့ စတင်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်ကမှ လက်စတာအသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ နစ္စတယ်ရွိုင်းဟာ ဘရန်ဖိုဒ့် အသင်းနဲ့ ပွဲစဉ်ကို ပွဲကြည့်စင်ပေါ်ကနေ ကြည့်ရှုခဲ့ပြီး ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှ စတင်ကိုင်တွယ်ခဲ့တာပါ။

လက်စတာအသင်းဟာ နစ္စတယ်ရွိုင်းမကိုင်တွယ်ခင်က ပရီးမီးယားလိဂ်နောက်ဆုံး ၅ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီး နစ္စတယ်ရွိုင်းစတင်ကိုင်တွယ်တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ နိုင်ပွဲပြန်လည် ရရှိခဲ့တာ ဖြစ်ပါတယ်။

နစ္စတယ်ရွိုင်းက “အဆုံးမှာ ရလဒ်ကို ကြည့်ပြီး ၃ မှတ်ရရှိခဲ့ပေမယ့် ကျနော်တို့ ရပ်တည်နေတဲ့ နေရာက အရေးကြီးပါတယ်။ ပရီးမီးယားလိဂ်ရဲ့အဆင့်အတန်းကို ကျနော်တို့သိတဲ့အတွက် ကစားတဲ့ပွဲတိုင်းက အရာအားလုံးကို မှန်ကန်အောင်လုပ်ရမယ်ဆိုတာလည်း သိပါတယ်။

ကျနော်တို့ဟာ ဒီထက်ပိုတိုးတက်အောင် လုပ်စရာအလုပ်တွေအများကြီးရှိနေပေမယ့် ၃ မှတ်ရယူနိုင်ခဲ့တဲ့အတွက် အလွန်ပျော်ရွှင်တယ်”လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။

ဘရိုက်တန်နဲ့ ချယ်လ်ဆီးအသင်းနည်းပြဟောင်း ဂရေဟမ်ပေါ်တာက ဒါက ပြီးပြည့်စုံတဲ့ စတင်မှုဖြစ်ပြီး ပရိသတ် တွေက နည်းပြသစ်အပေါ် ယုံကြည်မှုရှိဖို့က အလွန်အရေးကြီးတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

လက်စတာ အသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၅ နေရာအထိ တက်နိုင်ခဲ့ပြီး တန်းဆင်းဇုန် အထက်ကအသင်းနဲ့ ၄ မှတ်ကွာဟနေတာပါ။

ဝက်စ်ဟမ်းအသင်းကတော့ ဒီရှုံးပွဲကြောင့် ပရီးမီးယားလိဂ်မှာ ၂ ပွဲ ဆက်ရှုံးပွဲကြုံတွေ့ခဲ့ပြီး နည်းပြ လိုပီတီဂွီရဲ့ အနာဂတ်ကလည်း မရေမရာဖြစ်လာခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ဒီပွဲမှာ လက်စတာအသင်းဘက်ကို ဂိုးပေါက်ကန်သွင်းမှု ၃၁ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၁၀ ကြိမ်အထိရှိခဲ့ပေမယ့် မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပိုမှသာ ချေပဂိုးသွင်းယူနိုင်ခဲ့တာပါ။

ဝက်စ်ဟမ်းအသင်းဟာ ဒီရှုံးပွဲကြောင့် လက်စတာအသင်းရဲ့အထက် အဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။

ဒီတစ်ပတ်ပရီးမီးယားလိဂ် ပွဲစဉ်တွေအဖြစ် လက်စတာအသင်းက ဘရိုက်တန်၊ဝက်စ်ဟမ်းအသင်းက ဝုလ်ဗ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:BBC

#centralnewsnaypyitaw

image