မောင်သာနိုး (သို့မဟုတ်) အဖြီးအဖြန်း မကြိုက်သူ (Part-1)
လူပုံပန်းက အရပ်အမောင်း ခပ်လတ်လတ်၊ အသားအရေက အညာသွေး ညိုညို၊ မျက်နှာက မချို၊ ခပ်တင်းတင်း၊ အသံသြဇာက ကောင်းကောင်း၊ တစေ့ တစောင်း အကဲခတ်ရရင် မာနသံ၊ ရာဇမာန် ပေါက်ဟန်ရှိ။
အဲဒါဟာ မန်းတက္ကသိုလ်ကျောင်းသားခေါင်းဆောင် နာမည်ကျော် မောင်သာနိုး ရဲ့ ရုပ်ပုံလွှာပါပဲ။ အင်္ဂလိပ်စာတတ်တယ်၊ သတ္တိဗျတ္တိရှိတယ်။ မဟုတ်မခံ တော်လှန် ရဲတဲ့စိတ်ရှိတယ်လို့ နာမည်ကြီးတယ်။
သူ့အဘိုးက တိုင်တားမင်းကြီး။ သီပေါခေတ်မှာ တန်ခိုးကြီးတဲ့ ဝန်ကြီး၊ ခက်ထန်တယ်လို့ ကျော်စောတယ်။ မောင်သာနိုးဟာ တိုင်တားမင်းကြီးရဲ့ဓာတ်ပုံနဲ့ တော်တော်ဆင်တယ်။
“ကံကောင်းလို့ပေါ့ဗျာ...ကုန်းဘောင်ခေတ်မှာသာ ကျွန်တော်တို့ လူဖြစ်ခဲ့ရင် မောင်သာနိုးရဲ့တံတောင်နဲ့ အထောင်းခံရမယ့်ကိန်းပဲဗျ’လို့ ကျွန်တော်တို့ကပြောရင် ပြုံးစေ့စေ့လုပ်နေတတ်တယ်။
တကယ်တမ်းကျတော့ မောင်သာနိုးဟာ အနေအထိုင် စည်းကမ်းကြီးတယ်။ ဖြစ်ကတတ်ဆန်း မနေတတ်။ လောကွတ်စကား မဆိုတတ်။ စကားကို တိုတို ပြတ်ပြတ် ပြောတတ်တယ်။ တိတိကျကျ ပြောတတ်တယ်။ တောင်စဉ်ရေမရ ပြောတာကို မကြိုက်။ မကြိုက်ရင် ဟန်မဆောင်။ ငေါက်တတ်တယ်။ သူ့ကို ကြည်ညိုကြပေမဲ့ အနီးအနား ရဲရဲမကပ်ဝံ့။ စိတ်တိုင်းမကျရင် ဟောက်လိုက် ငေါက်လိုက်မှာကို ကြောက်ကြတယ်။
သူက ကျောင်းသားညီညွတ်ရေးတပ်ဦးစည်းရုံးရေးအတွက် ရည်စူးပြီး တက္ကသိုလ်အင်္ဂလိပ်စာ ပြဋ္ဌာန်းစာအုပ်တွေကို သင်ပေးတယ်။ အင်္ဂလိပ်စာ နိုင်တဲ့ နယ်ကျောင်းသားတွေ တိုးမပေါက်အောင် စာလိုက်ကြတယ်။ တ.က.သ ခန်းမကြီးတောင် မဆံ့ဘူး။
စာသင်ပုံကလည်း ရှင်းလင်းပြတ်သားတိကျတယ်။ သူရေးပေးတဲ့ အမေး အဖြေတွေကလည်း ကောင်းတယ်။ ကျောင်းသားဘဝကတည်းက ‘ဆရာဦးသာနိုး’ လို့ ဟိုးဟိုးကျော်နေပြီ။
ကျောင်းသားအရေးတွေကို တစ်ဖက်က ရဲရဲဝံ့ဝံ့ထမ်းဆောင်တယ်။ တစ်ဖက်က လူထုသတင်းစာမှာလည်း အချိန်ပိုင်း အယ်ဒီတာလုပ်တယ်။ မောင်သိင်္ဂါအမည်နဲ့ ဝတ္ထုတိုကလေး ကဗျာကလေးတွေရေးတယ်။ မော်စီတုန်းရဲ့ ပဋိပက္ခကျမ်း စသည်တို့ ကိုလည်း ဘာသာပြန်တယ်။
၁၉၅၇ ခုနှစ်က ကျွန်တော်နဲ့ မောင်သိန်းနိုင်(ဂုဏ်ထူး)တို့ မောင်သာနိုးကို ကိုယ်တိုင်မိတ်ဆက်ဖို့သွားကြတယ်။ အဲဒီတုန်းက ကိုသာနိုးက မေမြို့ က ကိုစိန်မောင် (ပန်းချီ)နဲ့ ရွှေပြည်အေးဆောင်မှာ နေတာကိုး။
ကျွန်တော်တို့ သူ့အခန်းထဲဝင်သွားတော့ စာကူးစက်တစ်လုံးနဲ ့ သူက 'Fighting Peacock' ဆိုတဲ့ အင်္ဂလိပ်လို နံရံကပ်စာစောင် ရေးနေတုန်း။
ကိုသိန်းနိုင်က ကျွန်တော့်ကိုယ်စား မိတ်ဆက်ပေးတယ်။ လူထုဂျာနယ်မှာ “ကန်မြဲနန်းမြင့်နွယ်”ဆိုတဲ့ နာမည်နဲ့ ကဗျာရေးသူပါလို ့ပြောတော့ “အဲ...ခင်ဗျာ့ ကဗျာတွေကို လူထုအယ်ဒီတာ ကိုသူရ(ရှမ်းပြည်)က သိပ်ကြိုက်တာပေါ့ဗျာ။ ကျွန်တော်ကတော့ ကလောင်နာမည်မြင်တာနဲ့ မဖတ်ချင်တော့ဘူးဗျ”လို ့ ပွင့်ပွင့် လင်းလင်း ဒဲ့ဒိုးပြောချလိုက်ပါတယ်။ ဒီလိုနည်းနဲ့ ခင်မင်ရင်းနှီးသွားကြတာပါ။
#ဆက်ရန်ရှိ