ထိုင်းဘတ်စျေး မကျတဲ့အပြင် ဗဟိုဘဏ်ရောင်းစျေးနဲ့ပြင်ပပေါက်စျေးအတူဖြစ်လာ

ဒီဇင်ဘာ ၂

နိုင်ငံခြားငွေလဲလှယ်တဲ့စျေးကွက်မှာ ထိုင်းဘတ်က စျေးနူန်းကျဆင်းမလာတဲ့အပြင် ဗဟိုဘဏ်သတ်မှတ်ရောင်းချစျေးနဲ့ ပြင်ပပေါက်စျေးက စျေးတန်း အတူဖြစ်လာတယ်လို့ ကုန်သည်တွေနဲ့ နိုင်ငံခြားငွေရောင်းဝယ်ရေးလုပ်ကိုင်သူတွေ ဆီကသိရပါတယ်။

လက်ရှိကုန်သွယ်ရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာကိုသုံးစွဲမှုအစား ထိုင်းဘတ်ကိုသုံးစွဲမှုပိုများလာတာကြောင့် ထိုင်းဘတ်စျေးက မကျသွားတဲ့အပြင် ပြည်တွင်းစျေးကွက် အတွင်းဗဟိုဘဏ်မှထုတ်ရောင်းချပေးတဲ့ ထိုင်းဘတ်စျေးမှာ တဘတ်ကို ၁၂၉ ကျပ်ရှိလာတာဖြစ်တယ်လို့သိရပါတယ်။

ပြင်ပနိုင်ငံခြားငွေလဲလှယ်ရေး စျေးကွက်မှာ ထိုင်းဘတ်စျေးက တဘတ်ကို ရောင်းစျေး ၁၃၀ ကျပ်နဲ့ဝယ်စျေးက ၁၂၇ ကျပ်ရှိတာကြောင့် ဗဟိုဘဏ်စျေးနဲ့ ပြင်ပစျေးကွက်ပေါက်စျေး တန်းတူဖြစ်လာတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

" နိုဝင်ဘာလထဲမှာစပြီး ဗဟိုဘဏ်စျေးနဲ့ပြင်ပပေါက်စျေးတူလာတာ။ဗဟိုဘဏ်ကစျေးနူန်းတိုးသတ်မှတ်လိုက်တော့စျေးကွက်တူသွားတယ်။ငွေစျေးတူသွားတော့ ဘတ်ငွေသုံးတဲ့ ပို့ကုန်သမားတွေအဆင်ပြေတာပေါ့။တောင်သူတွေလည်းစျေးပိုရလာတယ်။ဒါတော့ကုန်သွယ်မှုအတွက်ကောင်းပေမယ့်တဖက်မှာလည်း ကျပ်ငွေတန်ဖိုးကကျသွားတယ်ဆိုတဲ့အချက်ကရှိနေတယ်။ဗဟိုဘဏ်တောင်စျေးတက်သတ်မှတ်ရောင်းလာတာဆိုတော့ဘတ်စျေးကပြန်ကျနိုင်မယ့်အလားအလားပျောက်တဲ့သဘောပဲ" လို့ပို့ကုန် လုပ်ငန်းရှင်ကသုံးသပ်ပြောပါတယ်။

စီးပွားရေးပိတ်ဆို့ခံထားရတဲ့ တချို့ပြည်ပ နိုင်ငံတွေကို ငွေပေးချေရာမှာ အမေရိကန် ဒေါ်လာကို တိုက်ရိုက်ပေးချေ မရတဲ့ပြဿနာတွေကြောင့် ဘတ်၊ ယွမ် ၊ ရူပီး စတဲ့နိုင်ငံခြား ငွေတွေအသုံးပြုရခြင်း၊ သွင်းကုန် ပစ္စည်းတင်သွင်းရညမှာလည်း ဘတ်နဲ့ယွမ်အသုံးပြုမှုများခြင်း၊ ပြည်ပပို့ကုန်ကဏ္ဍမှာလည်း ပို့ကုန်ရငွေက ဘတ်နဲ့ယွမ် ပိုများလာတဲ့အတွက် ထိုင်းဘတ်စျေးက မကျတဲ့အပြင် ဗဟိုဘဏ်စျေးနဲ့ပြင်ပ ပေါက်စျေးတူညီတဲ့အထိဖြစ်လာတာဖြစ်တယ်လို့စီးပွားရေးလုပ်ငန်းရှင်ကြောပါတယ်။

ကမ္ဘာ့ဈေးကွက်မှာ ထိုင်းဘတ်ရော၊ တရုတ်ယွမ်ပါ တန်ဖိုးတွေကျနေတာကြောင့် ​ မြန်မာကျပ်ငွေတန်ဖိုးတက်ပြီး ထိုင်းဘတ်စျေးက ၁၀၀ကျပ်ဝန်းကျင်လောက်အထိ ပြန်ကျဆင်းလာသင့်ပေမယ့် လက်ရှိမှာ ဘတ်စျေးကတက်ပြီး မြန်မာကျပ်ငွေတန်ဖိုးကျဆင်းကာ သွင်းကုန်ပစ္စည်း တွေစျေးနူန်းမြင့်တက်နေရတယ်လို့ဆိုပါတယ်။

" အဆိုးဘက်ကကြည့်ရင် ဗဟိုဘဏ်က တကယ်မြန်မာကျပ်ငွေတန်ဖိုးကို တင်ရမယ့်အစား တန်ဖိုးကျစေသလိုမျိုး ဖြစ်စေပါတယ်။ ဒါက သွင်းကုန်တွေကို ဈေးတက်စေပါလိမ့်မယ်။ ဒါကြောင့်လည်း ကုန်ဈေးနှုန်းမကျနိုင်ဖြစ်နေတာမျိူး။အခုလို ဘတ်ဈေးပြင်ပပေါက်ဈေးနဲ့ ညီလာတာ အကောင်းဘက်ကကြည့်ရင်တော့ ထိုင်းနဲ့တရုတ်ဘက် ပို့ကုန်တွေအတွက် ပြန်ရမယ့် မြန်မာငွေကများတော့ ထုတ်လုပ်သူတွေဈေးပိုရလိမ့်မယ်။ ဒါပေမယ့် မြန်မာငွေတန်ဖိုးကျတာတော့ ရည်ရှည်မကောင်းနိုင်ပါဘူး။ ဒါက ဘာကိုပြသလဲဆိုရင် လတ်တလောဈေးကွက်မှာက ဒေါ်လာထက် ဘတ်နဲ့ ယွမ် အလွှဲအပြုပိုလုပ်ကြတဲ့ အညွှန်းကိန်းပါ။" လို့စီးပွားရေးလုပ်ငန်းရှင်ကသုံးသပ်ပြောပါတယ်။

ဗဟိုဘဏ်ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ပြည်တွင်းစျေးကွက်အတွင်း တဘတ်ကို မြန်မာငွေ ၁၀၇ ဝန်းကျင်နဲ့ရောင်းချခဲ့ပြီး အောက်တိုဘာလမှာ ၁၁၄ ကျပ် ဝန်းကျင်အထိ မြင့်တက်ရောင်းလာပြီးနောက် နိုဝင်ဘာလမှာတော့ တဘတ်ကို ၁၂၉ ကျပ်အ ထိ ပြင်ပပေါက်ဈေးအတိုင်း မြင့်တက်ရောင်းချလာတာဖြစ်ပါတယ်။

​နိုဝင်ဘာလ ၂၉ ရက်နေ့မှာဗဟိုဘဏ်က ပြည်တွင်းစျေးကွက်ကို ထိုင်းဘတ် ၁၆ သန်းကျော်ကို ငွေလဲနူန်း ၁၂၉ ကျပ်နဲ့ထုတ်ရောင်းချပေးခဲ့ပါတယ်။နိုဝင်ဘာလ ၂၈ရက်နေ့ကလည်းငွေလဲနှုန်း ၁၂၈.၅၂ ကျပ်နဲ့ ထိုင်းဘတ် ၅ သန်းနီးပါးကို ဗဟိုဘဏ်က ထုတ်ရောင်းချခဲ့ပါတယ်။

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

image