မြန်မာ့ရေပိုင်နက်အတွင်း ဝင်ရောက်၍ ငါးခိုးဖမ်းရာမှဖမ်းဆီးခံထားရသော ထိုင်းငါးဖမ်းစက်လှေသမားများ လွတ်မြောက်ရေး ထိုင်းအစိုးရ ကြိုးပမ်း

ဒီဇင်ဘာ ၂

မြန်မာရေပိုင်နက်အတွင်းဝင်ရောက်၍ ငါးခိုးဖမ်းနေကြတဲ့ ထိုင်းငါးဖမ်းသင်္ဘောတွေက ထိုင်းနိုင်ငံသား ငါးဖမ်းသမားလေးဦးကို ပြန်လည်လွှတ်ပေးဖို့အတွက် ထိုင်းအစိုးရက ကြိုးစားနေတယ်လို့ သိရပါတယ်။

ထိုင်းကာကွယ်ရေးဝန်ကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူ သာနာသစ်ဆဝမ်ဆန်က ထိုင်းငါးဖမ်းသမားတွေ ပြန်လည်လွတ်မြောက်ဖို့ နှစ်နိုင်ငံအစိုးရတွေအကြား နယ်စပ်ပူးတွဲကော်မတီနဲ့အတူ အလုပ်နေတယ်လို့ ပြောခဲ့ပါတယ်။

ဖြစ်ရပ်က ထိုင်းနိုင်ငံ ရနောင်းပြည်နယ်ရဲ့ ကမ်းလွန်မြန်မာပိုင်ရေပြင်ထဲမှာ နိုဝင်ဘာလ ၂၉ ရက် ညပိုင်းကဖြစ်ပွားခဲ့တာပါ။ မြန်မာရေတပ် စစ်သင်္ဘောများက မြန်မာ့ရေပြင်အတွင်း ဝင်ရောက်ငါးဖမ်းနေတဲ့ ထိုင်းစက်လှေတွေကိုတွေ့တော့ ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။ ဒီမှာ ထိုင်းငါးဖမ်းသမားတစ်ဦး ရေနစ်သေဆုံးခဲ့ပြီး ငါးဖမ်းစက်လှေတစ်စီးလည်း အဖမ်းခံခဲ့ရပါတယ်။ မြန်မာအာဏာပိုင်တွေက ဖမ်းဆီးထားသူ ငါးဖမ်းသမားစုစုပေါင်း ၃၁ ဦးမှာ ထိုင်းနိုင်ငံသား ငါးဖမ်းသမားလေးဦးပါဝင်ပြီး ကျန် ၂၇ ဦးက မြန်မာနိုင်ငံသားတွေဖြစ်ကြပါတယ်။

ထိုင်းရေတပ်က နိုဝင်ဘာလ ၃၀ ရက် နံနက် ၁၂ နာရီ ၄၅ မိနစ်လောက်မှာ ငါးဖမ်းစက်လှေတွေဆီက အကူအညီတောင်းတဲ့ အချက်ပြမှုတစ်ရပ်ကို လက်ခံရရှိခဲ့ပါတယ်။ ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက ထိုင်းငါးဖမ်းစက်လှေနှစ်စီးဟာ ရနောင်းပြည်နယ်အနီး မြန်မာ့ရေပိုင်နက်အတွင်းသို့ ရေမိုင် လေးမိုင်မှ ၅ ဒသမ ၇ မိုင်(၇ ဒသမ ၄ ကီလိုမီတာမှ ၁၀ ဒသမ ၆ ကီလို မီတာ) အတွင်း ဝင်ရောက်ငါးဖမ်းနေခဲ့ကြတယ်လို့ ပြောခဲ့ပါတယ်။

ထိုင်းလင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာကတော့ ထိုင်းငါးဖမ်းသင်္ဘောတွေ မြန်မာ့ရေပိုင်နက်ထဲ ဝင်ရောက်ငါးဖမ်းနေကြသလား ဆိုတဲ့မေးခွန်းကို တိတိကျကျသေသေချာချာ မပြောနိုင်သေးပါဘူးလို့ ဖြေခဲ့ပါတယ်။ ပေတုံတန်က ထိုင်းအစိုးရအနေနဲ့ ဘာပဲဖြစ်ဖြစ် အကြမ်းဖက်မှုလုပ်ရပ်ကိုတော့ အားမပေးပါဘူးလို့လည်း ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂီယမ်ပုံဆာက သူ့အနေနဲ့ မြန်မာသံအမတ်နဲ့ ဒီဇင်ဘာလ ၂ ရက်မှာတွေ့ဆုံပြီး ပိုမိုစုံစမ်းမှုတွေပြုဖို့နဲ့ ထိုင်းငါးဖမ်းသမားတွေကို ပြန်လွှတ်ပေးဖို့ တွန်းအားပေးသွားမယ်လို့ ပြောခဲ့ပါတယ်။ မြန်မာအစိုးရဘက်ကတော့ လတ်တလောမှာ တစ်စုံတစ်ရာ မတုံ့ပြန်သေးပါဘူး။

Ref- SCM

Credit - MT News Agency

#သတင်းဟင်းလေးအိုးကြီး

image