စားသောက်ရေး အခက်အခဲရှိ၍ ပလက်ဝဒေသခံများ မြို့ကိုစွန့်ခွာလာကြ
ဒီဇင်ဘာ ၂
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော်(AA)နှင့် မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲဖြစ်ပွားမှု ရပ်တန့်နေသော်လည်း ပလက်ဝဒေသခံများအနေဖြင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်း မရှိသည့်အတွက် ပလက်ဝမြို့ကို စွန့်ခွာလာကြသည်ဟု သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလမှစတင်၍ ပလက်ဝဒေသခံများက တိုက်ပွဲတိမ်းရှောင်မှုများ ရှိခဲ့သော်လည်း လက်ရှိတွင် နေထိုင်စားသောက်ရေး အခက်အခဲကြောင့် ပို၍ စွန့်ခွာလာကြခြင်း ဖြစ်သည်။
အဆိုပါ နေရပ်စွန့်ခွာလာသူများသည် အိန္ဒိယနယ်စပ်သို့ ဝင်ရောက်မှု များပြားကြောင်း၊ တောင်ယာလုပ်ငန်း လုပ်ကိုင်၍ ရသည့် ကျေးရွာများသို့လည်း တိမ်းရှောင်မှုများရှိကြောင်း သိရသည်။
ထို့အပြင် အလုပ်အကိုင် အခွင့်အလမ်း ပေါများသည့် ရန်ကုန်သို့လည်း ထောင်နှင့်ချီ၍ ရောက်ရှိနေကြကြောင်း ပလက်ဝဒေသခံ ဦးကျော်ခင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဘယ်ကိုတိမ်းရှောင်လဲဆိုတော့ တချို့က အိန္ဒိယနယ်စပ် အိန္ဒိယနိုင်ငံထဲကို ဝင်သွားတယ်။ တချို့ကျတော့ ရွာတွေမှာ၊ သူတို့ ဘေးလွတ်ရာလို့ ယူဆတဲ့နေရာမှာ၊ တောရွာတွေမှာ သူတို့နေတယ်။ တချို့ကျတော့ ရန်ကုန်မှာ အခု တော်တော်များများ ရောက်နေပြီ။ ရန်ကုန်မှာ လူဦးရေ ထောင်ချီနဲ့ကို ရောက်နေပြီ။ ပလက်ဝမြို့ပေါ်မှာ၊ ဆမီး မြို့ပေါ်မှာလည်း ထိုနည်းတူလည်းကောင်းပဲ။ ဟိုမှာ ဘာဝင်ငွေမှလည်းမရှိ။ ဘာဝင်ငွေရမယ့် လမ်းကြောင်းလည်း မရှိဘူးဆိုလို့ရှိရင် စားတာတစ်ခုတည်းနဲ့ဆိုရင် ဘယ်လိုမှ အဆင်ပြေ မနေဘူးပေါ့။ အဲဒီလိုမျိုးတော့ ရှိတယ်။ သူတို့ က လုပ်ကိုင်စားသောက်လို့ ရတဲ့အခြေအနေ ရှိမှသာလျှင် သူတို့ အဲဒီမှာ ဆက်ပြီးတော့ နေလို့ရမယ်။ မဟုတ်ဘူး ဆိုလို့ရှိရင် ဘာမှတော့ တိုက်ပွဲတော့ မဖြစ်တော့ဘူး ထားပါတော့၊ ဆန်တွေလည်း ဝယ်ဖို့ရှိတယ် ထားအုံးတော့ ဝင်ငွေလမ်းကြောင်းက ရဖို့မရှိဘူးဆိုရင် အဲဒီမှာ တအားခက်သွားမယ်” ဟု ပြောသည်။
ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ်မှ ကုန်စည်ကို အဓိက အားထားနေရသည့် မြို့နယ်တစ်ခုဖြစ်ပြီး လက်ရှိ တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်မှ ကုန်စည်ဝင်ရောက်ရန် အခက်အခဲ ဖြစ်နေသည့်အပြင် ပခုက္ကူမြို့နယ်မှ တဆင့် ဝင်ရောက်သော ကုန်စည်လမ်းကြောင်းသည်လည်း တိုက်ပွဲကြောင့် အဆင်မပြေကြောင်း သိရသည်။
ထို့ပြင် ပလက်ဝဒေသခံ အများစုသည် အစိုးရဝန်ထမ်းများဖြစ်ပြီး လက်ရှိတွင် အစိုးရယန္တရားများ ရပ်တန့်နေခြင်း ကြောင့် ယင်းဝန်ထမ်းများသည် အခက်အခဲ ပို၍ ကြုံတွေ့နေရကြောင်း၊ တခြားသော လုပ်ငန်းများ လုပ်ကိုင်ရန် အတွက်လည်း မိုင်းအန္တရာယ်ကြောင့် အဆင်မပြေကြောင်း သိရသည်။
ပလက်ဝဒေသခံတစ်ဦးက “ပလက်ဝမှာ နဂိုကတည်းက မြို့ပေါ်မှာနေတဲ့ လူထုအများစုက အစိုးရဝန်ထမ်းတွေ ဖြစ်နေတယ်။ တချို့ NGO ဝန်ထမ်းတွေ ဖြစ်နေတယ်။ ဘာသာရေး ခေါင်းဆောင်တွေ ဖြစ်နေတယ်။ အဲဒီလူတွေက အများစုပေါ့လေ။ အခု အစိုးရယန္တရား ပျက်စီးသွားပြီဆိုတဲ့ အခါကျတော့ အစိုးရဝန်ထမ်း မိသားစုဝင်တွေက ရပ်တည်ဖို့ တအားခက်သွားတာ မြို့ပေါ်လူထုက။ တောရွာတွေမှာကျတော့ တပိုင်တနိုင် တောင်ယာတွေ လုပ် တယ်၊ ပြီးရင် ကိုင်းတွေ သွားတယ်၊ ကိုင်းတွေခုတ်တယ် ဘာညာပေါ့။ သူတို့က စိုက်ခင်းတွေ လုပ်တယ်ပေါ့။ အဲဒီ လိုမျိုးနဲ့ အသက်မွေးဝမ်းကျောင်း ပြုကြတာ ပလက်ဝက။ စက်ရုံ၊ အလုပ်ရုံတွေ မရှိဘူး။ စက်ရုံအလုပ်ရုံလေးတွေ အစိုးရယန္တရား လည်ပတ်တဲ့အခါကျတော့ စည်ပင်တို့ ဘာတို့ ခေါ်တဲ့ဟာရှိတယ်။ စည်ပင်ရဲ့ လုပ်ငန်းတွေမှာ ကန်ထရိုက် ယူပြီးတော့ လုပ်သားတွေပေါ့ အဲဒီလိုနဲ့ ဝင်ငွေရှာတဲ့သူတွေ ရှိတယ်။ ကုမ္ပဏီတွေ ထောင်ပြီးတော့ ကန်ထရိုက်နဲ့ လမ်းတံတားခင်းတာတွေ အဲဒီလိုနဲ့ပဲ အသက်မွေးဝမ်းကျောင်း ပြုတာများတယ်” ဟု ပြောသည်။
ပလက်ဝမြို့နယ်တွင် လူဦးရေ ၁ သိန်းကျော် ရှိသည့်အနက် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင် ထွက်ပြေး ကြရခြင်းကြောင့် လက်ရှိတွင် ပလက်ဝဒေသ၌ လူဦးရေ ထက်ဝက်ခန့်သာ ကျန်ရှိနိုင်ကြောင်း တိုက်ပွဲရှောင်အရေး ကူညီသူများထံမှ သိရသည်။
ပုံ - ပလက်ဝမြို့ ဒေသခံများကို တွေ့ရစဥ်
#centralnewsnaypyitaw