မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၉ ရက်နဲ့ ၂၀ ရက်မှာ ကျင်းပဖို့ လျာထားပေမဲ့ အတည်ပြုရန် စောင့်စားနေဆဲအခြေအနေသာဖြစ်နေ

ဒီဇင်ဘာ ၂

အခု ဒီဇင်ဘာလအတွင်း မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကျင်းပဖို့အတွက် ဒီဇင်ဘာ ၁၉ ရက်နဲ့ ၂၀ မှာ လျာထားပြင်ဆင်နေတယ်လို့ ထိုင်းအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပေမဲ့ ဆွေးနွေးပွဲမှာ ပါဝင်မယ့်နိုင်ငံတွေရဲ့ အတည်ပြုမှုကိုတော့ စောင့်ဆိုင်းနေရဆဲဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura ပြောဆိုချက်အရ ဒီဇင်ဘာ ၁၉ နဲ့ ၂ဝ ရက်နေ့တွေမှာ ကျင်းပဖို့လျာထားတဲ့ ဒီဆွေးနွေးပွဲမှာ ASEAN Troika Plus Mechanism ကို စတင် အကောင်အထည်ဖော်မှုအဖြစ် ယခင်၊ ယခုနဲ့ အနာဂတ် အာဆီယံဥက္ကဋ္ဌနိုင်ငံတွေ ပါဝင်ဆွေးနွေးမှာဖြစ်ပြီး လက်ရှိမှာ ထိုင်းနဲ့ မြန်မာနိုင်ငံအပြင် ပြီးခဲ့တဲ့အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှား၊ လက်ရှိ ဥက္ကဋ္ဌ လာအိုနိုင်ငံနဲ့ လာမဲ့ အလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံတို့ ပါဝင်မှာဖြစ်သလို အခြားပါဝင်လိုတဲ့နိုင်ငံတွေကိုလည်း ကြိုဆိုတယ်လို့ Nikorndej Balankura က ပြောပါတယ်။

မြန်မာ့အရေး အလွတ်သဘောဆွေးနွေးမယ့် ဒီဆွေးနွေးပွဲအတွက်လည်း လက်ရှိ အာဆီယံဥက္ကဋ္ဌ လာအိုနိုင်ငံနဲ့ ညှိနှိုင်းခဲ့ပြီး ပံ့ပိုးကူညီမှုရခဲ့သလို လာမဲ့အလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံရဲ့ ထောက်ခံမှုကိုလည်းရခဲ့တယ်လို့ Nikorndej Balankura က ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာ့အရေးကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်လုပ်ဆောင်မယ့် ASEAN Troika Plus အစည်းအဝေးကို အောက်တိုဘာလအတွင်း လာအိုနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ထိုင်းအစိုးရဘက်က မြန်မာ့အရေးကို ဆွေးနွေးဖြေရှင်းနိုင်ဖို့အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌသုံးနိုင်ငံ ပူးပေါင်းဆွေးနွေးဖြေရှင်းမယ့် ASEAN Troika အပြင် အာဆီယံမိတ်ဖက်နိုင်ငံတွေ၊ မြန်မာအိမ်နီးချင်းနိုင်ငံတွေ ပူးပေါင်းဆွေးနွေးမယ့် ASEAN Troika Plus အစီအစဉ်ကိုလည်း စတင်ရမယ်လို့ အဆိုပြုခဲ့ပြီး ဒီအလွတ်သဘောဆွေးနွေးမှုက အာဆီယံရဲ့ သဘောတူညီဆန္ဒငါးချက်ကို အကောင်အထည်ဖော်နိုင်ရေးမှာ ပံ့ပိုးကူညီနိုင်မှာဖြစ်တယ်လို့လည်း လာအိုအစိုးရရဲ့ အကြီးတန်းပြောရေးဆိုခွင့်ရှိသူ လာအို-အာဆီယံဌာနညွှန်ကြားရေးမှူးချုပ် Chatoulong Bouasisavath က ပြောကြားခဲ့ပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image