သီတဂူဆရာတော်ကြီး Lumbini Buddhist University ၌ ကျင်းပသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်

ဒီဇင်ဘာ ၂

နီပေါနိုင်ငံ ဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ နီပေါနိုင်ငံသို့ ကြွရောက်နေသည့် သီတဂူဆရာတော်ကြီး ဒေါက်တာအရှင်ဉာဏိဿရသည် လုမ္ဗိနီတွင် သီတင်းသုံးနေစဉ် ကာလအတွင်း နိုဝင်ဘာ ၃၀ ရက်က လုမ္ဗိနီဥယျာဉ်အတွင်းရှိ မယ်တော်မာယာကျောင်းဝင်းအတွင်းသို့ သွားရောက်ခဲ့သည်။

ထို့နောက် မြန်မာအစိုးရနှင့် စေတနာရှင်ပြည်သူများ လှူဒါန်းတည်ထားကိုးကွယ်သည့် မြန်မာရွှေကျောင်း တော်သို့သွားရောက်ပြီး မြန်မာရွှေကျောင်းပရိဝုဏ်အတွင်း ရွှေတိဂုံစေတီတော်ပုံတူတည်ထားကိုးကွယ်သည့် လောကမဏိစူဠာစေတီတော်ကို သွားရောက်ဖူးမြော်ကာ စေတီတော်ဝင်းအတွင်း ဆရာတော်ကြီးနှင့် ဒါယကာ၊ ဒါယိကာမများက လှူဒါန်းတည်ဆောက်ထားသည့် အာသောကကျောက်စာတိုင်များ ချို့ယွင်းနေမှုများအပေါ် ပြင်ဆင်ရန်ကိစ္စရပ်များနှင့် စေတီတော်ကြီးနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရန်ရှိသည်များ၊ မြန်မာ ရွှေကျောင်းတော်ကြီးအတွင်းရှိ သာသနိကအဆောက်အဦများ အရှည်တည်တံ့ရေးနှင့် ဘုရားဖူးလာ ပြည်သူများ အဆင်ပြေစွာတည်းခိုနိုင်ရေးကိစ္စရပ်များ စီစဉ်ထားရှိမှုများနှင့် ပတ်သက်၍ တင်ပြမှုများအပေါ် လိုအပ်သည်များ မိန့်ကြားသည်။

သီတဂူဆရာတော်ကြီးသည် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် Thousands of Buddha Temple ဘုန်းတော်ကြီးကျောင်းသို့ ပင့်ဖိတ်မှုအရ သွားရောက်ရာ Thousands of Buddha Temple ကျောင်းထိုင် ဆရာတော်၊ ရဟန်းသံဃာများနှင့် သီလရှင်များ၊ ဒါယကာ၊ ဒါယိကာမများက ကြိုဆိုကြပြီး သီတဂူဆရာတော်ကြီးက ဓမ္မမိတ်ဆွေများအား ဝိပဿနာတရားတော်များ ဟောကြားသည်။

ဆက်လက်၍ သီတဂူဆရာတော်ကြီးသည် Lumbini Buddhist University ၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲ (International Seminar on Exploring Gautam Buddha’s Teachings on Peacekeeping and Sustainable Development) သို့ တက်ရောက်ပြီး ငြိမ်းချမ်းရေး၏ အရေးကြီးပုံ၊ ငြိမ်းချမ်းရေးသည် တစ်ကမ္ဘာလုံးအတွက်အရေးကြီးသလို လူတစ်ဦးချင်းစီအတွက်ကလည်း ပိုမိုအရေးပါကြောင်း မိန့်ကြားခဲ့သည်။

သီတဂူဆရာတော်ကြီးသည် ကတ္တမန္ဒူးမြို့ရှိ World Peace Temple ကျောင်းတွင် သီတင်းသုံးနေသည့် သံဃာတော်များအတွက် သင်္ကန်းအစုံ ၁၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။

#centralnewsnaypyitaw

image
image
image