မုန်တိုင်းဒဏ်သင့်ဖိလစ်ပိုင်အတွက် ဩစတြေးလျကအကူအညီများပေးအပ်
ကန်ဘာရာ၊နိုဝင်ဘာ ၃၀
ဩစတြေးလျအစိုးရက ပြင်းထန်သော အပူပိုင်းမုန်တိုင်းများ ဆက်တိုက်ဖြစ်ပွားနေခဲ့သည့် ဖိလစ်ပိုင်နိုင်ငံ၏ ပြန်လည်ထူထောင်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ပေးအပ်မည်ဖြစ်ကြောင်းကြေငြာခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီး ပင်နီဝေါင်းနှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပစိဖိတ်ဒေသဆိုင်ရာဝန်ကြီး ပတ်ထ်ကော်ရွိုင်း တို့က ဖိလစ်ပိုင်နိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် သြစတြေးလျဒေါ်လာငါးသန်း (အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ သန်း) ကို ပေးအပ်ရန်လည်းကတိပြုခဲ့ကြသည်။
ဖိလစ်ပိုင်နိုင်ငံကို အောက်တိုဘာလမှ နိုဝင်ဘာလကြား တစ်လတာကာလအတွင်း အပူပိုင်းမုန်တိုင်းခြောက်ကြိမ်အထိ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လူများရာနှင့်ချီ၍ သေဆုံးခဲ့ကာ နေရာအနှံ့အပြားတွင်အိုးမဲ့အိမ်မဲ့ဖြစ်မှုများနှင့် ပျက်စီးဆုံးရှုံးမှုများလည်းဖြစ်ပေါ်ခဲ့သည်ဟုသိရသည်။
သြစတြေးလျ၏အကူအညီကို ကုလသမဂ္ဂ၊ အင်န်ဂျီအို နှင့် ဒေသတွင်းအဖွဲ့အစည်းများအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများမှတဆင့် ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ယာယီတဲများ၊စားနပ်ရိက္ခာဖူလုံရေး၊ကျန်းမာရေး၊ရေသန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ လိုအပ်ချက်များကို ကူညီပံ့ပိုးရန် အစိုးရ၏မိတ်ဖက်များက ဒေသဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းတို့ကပြောကြားခဲ့ကြသည်။